NEWS: အကြောင်းရင်း ၂ ချက်ကြောင့် လီဗာပူးက ချယ်ဆီးခံစစ်မှူးကို ပြန်လိုက်ဖွယ်ရှိ

လီဗာပူးအသင်းဟာ ဒီနွေမှာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူအားဖြည့်မှာဖြစ်ပြီး ဘယ်ခြမ်း ကစားပေးနိုင်တဲ့ ခံစစ်မှူးမျိုးဖြစ်မယ်လို့ အသင်းနဲ့နီးစပ်တဲ့ သတင်းထောက်တွေက ဆိုပါတယ်။

၎င်းတို့ကတော့ ဂျာမနီဘက်က ခံစစ်မှူး အပါအဝင် အင်္ဂလန်ပြင်ပလိဂ်တွေက ခံစစ်မှူးစာရင်းတွေကို မကြာခဏ ဖော်ပြနေကြတာပါ။ ဒီတစ်ကြိမ်မှာ ထူးထူးခြားခြားအဖြစ် လန်ဒန် အခြေစိုက် သတင်းထောက်တွေ ဖော်ပြလာမှုကို LFCThaDin ဖတ်ရှုသူတွေအတွက် မျှဝေပေးလိုပါတယ်။

လန်ဒန်ဘက်က သတင်းထောက်တွေ အခိုင်အမာ ထုတ်ပြောလာတာက လီဗာပူးအသင်းဟာ ချယ်ဆီးအသင်း ခံစစ်မှူး ကိုးဝဲလ်ကို ဒီနွေမှာ ပြန်လိုက်မယ်လို့ သိရပါတယ်။

သတင်းထောက် Kieran Gill က ” လီဗာပူးက ကိုးဝဲလ်ကို သဘောကျတယ်။ အာနယ် စလော့က ဘယ်ခြမ်းမှာ စွယ်စုံရ ခံစစ်မှူး ရလိုနေတယ်။ ဒါပေမယ့် ချယ်ဆီးကလည်း အသက် ၂၁ နှစ်အရွယ် ခံစစ်မှူးကို ဒီနွေမှာ ဆက်ထိန်းသွားလိုနေပါတယ်။

ကိုးဝဲလ်က ချယ်ဆီးအသင်းနဲ့ ၂၀၂၉ ခုနှစ်ထိ စာချုပ်ရှိထားပြီး တစ်နှစ် ထပ်တိုးခွင့်လည်း ပါဝင်ထားသူပါ ” လို့ ဖော်ပြခဲ့ပါတယ်။

မကြာသေးခင်ကပဲ Ben Jacobs ကလည်း လီဗာပူးက ဘွန်ဒက်လီဂါဘက်ကို ဦးလှည့်ပြနေပေမယ့် ကိုးဝဲလ်အပေါ် စိတ်ဝင်စားမှုက လျော့နည်းမသွားဘဲ ပြန်ချိတ်ဆက်လိုနေကြောင်း ဆိုခဲ့သေးတာပါ။

အသင်းဟာ ကိုးဝဲလ်ကို ပြန်ချိတ်လိုခြင်းက နည်းပြရဲ့ နည်းစနစ်မှာ ဘယ်ခြမ်း လိုအပ်မှုအရအပြင် homegrown လိုအပ်ချက်ကြောင့်လည်း သက်ဆိုင်ပါတယ်။

ဒီနွေမှာ ကလယ်ဟာနဲ့ ဂိုးမက်ဇ်တို့ ထွက်သွားမယ်ဆိုရင် ထရန့်နဲ့ ကာတစ်ဂျုံးတို့ပဲ homegrown သမားတွေအဖြစ် ကျန်ရှိပါမယ်။ လီဗာပူးအသင်းမှာ homegrown ကစားသမား လိုအပ်ချက် ကြီးမားနေတာကြောင့် ကိုးဝဲလ်ဘက်ကို ဦးလှည့်လိုနေတာဖြစ်နိုင်ပါတယ်။