အင်္ဂလန်မှာ အလုပ်လုပ်ခွင့် ပါမစ်မရလို့ ဆလော့ရဲ့ အရေးကြီး တွဲဘက်ကို ခေါ်ယူနိုင်ဖို့ ခက်ခဲနေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ လာမယ့်ရာသီ အသင်းကို ကိုင်တွယ်ဖို့ နည်းပြဆလော့ အပြင် သူ့ရဲ့ နည်းပြအဖွဲ့ကို အပြီးသတ်နေရာမှာ အဆင်မပြေမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့မှာ အာနယ် ဆလော့ဟာ လီဗာပူးအသင်းရဲ့ တရားဝင် နည်းပြဖြစ်လာမှာပါ။ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေထဲက ၁ ဦး လီဗာပူးကို ပြောင်းလာဖို့ အခက်အခဲဖြစ်နေဆဲလို့ သိရပါတယ်။

ဆလော့ရဲ့ လက်ထောက်ဖြစ်ပြီး လီဗာပူးကို အတူလိုက်ပါဖို့ သဘောတူညီထားတဲ့ ဖီယင်နုအသင်းရဲ့ နည်းစနစ်ပိုင်း အကြံပေး ဖြစ်သူ Etienne Reijnen ဟာ အင်္ဂလန်မှာ အလုပ်ပါမစ်ရဖို့ ခက်ခဲနေပါတယ်။

အီးယူကနေ ဗြိတိန်တို့ ထွက်ခွာခဲ့ကတည်းက ပရီးမီးယားလိဂ်မှာ အလုပ်ပါမစ် ရဖို့ဟာ ဥရောပတိုက်သားတွေအတွက် အခက်အခဲဖြစ်လာခဲ့တာပါ။ Reijnen ဟာ ဆလော့ရဲ့ နည်းပြအဖွဲ့ထဲက ထူးချွန် အရည်အချင်းရှိသူအဖြစ် သတ်မှတ်ခံထားရပေမယ့် အလုပ်လုပ်ခွင့်ရဖို့ အခက်တွေ့နေပါတယ်။

နယ်သာလန်သတင်းထောက်တွေကတော့ Etienne Reijnen ဟာ အင်္ဂလန်မှာ အလုပ်ပါမစ်ရဖို့ မလွယ်ကူဖြစ်နေပေမယ့် ဆလော့တို့က သူ့ကို ခေါ်ယူလိုနေဆဲလို့ဆိုတယ်။ အခြေအနေအရ Reijnen က ဖီယင်နုမှာပဲ ကျန်နေခဲ့တာမျိုး ဖြစ်လာနိုင်ပါတယ် လို့ ဆိုပါတယ်။

Reijnen ဟာ နယ်သာလန်မှာတုန်းက နည်းစနစ်ဆိုင်ရာ အကြံပေးအဖြစ်ပဲ တာဝန်ယူခဲ့ရပေမယ့် သူ တကယ်တမ်း တာဝန်ယူမှုဟာ လက်ထောက်နည်းပြ အဆင့်မျိုးထိ ရှိခဲ့ပါတယ်။

ဆလော့က နောက်ထပ် အရေးကြီး လက်ထောက်ဖြစ်တဲ့ Sipke Hulshoff ကိုတော့ အင်္ဂလန်ကို အပါခေါ်လာမှာဖြစ်ပြီး အခုချိန်ထိ သူ့အတွက်လည်း အသင်းဘက်က တရားဝင် သတင်းထုတ်ပြန်ပေးတာမျိုး မရှိသေးတာ ဖြစ်ပါတယ်။