ဥရောပမှာ ရုပ်သံကနေ စောင့်ကြည့်အခံရဆုံး ဘောလုံးအသင်းဖြစ်လာတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဥရောပမှာ ရုပ်သံကနေ စောင့်ကြည့်အခံရဆုံး ကလပ်နေရာကို ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ယူနိုက်တက်တို့အား ကျော်လွန်ပြီး နံပါတ် ၁ နေရာမှာ ရှိနေကြောင်း Nielsen Sports က ဖော်ပြပါတယ်။

ဒီရာသီမှာ ဆုဖလားများစွာ အောင်မြင်နိုင်တဲ့ အခြေအနေကနေ ရာသီကုန်ခါနီး ဖလားတွေ တခုပြီး တခု လက်လွတ်ရတဲ့ အတက်အကျ ဘောလုံးရာသီတစ်ခုကို လီဗာပူးအသင်း ရင်ဆိုင်ခဲ့ရတာပါ။

၂၀၂၃ ဩဂုတ်လကနေ ၂၀၂၄ ခုနှစ် မတ်လအတွင်း လီဗာပူးပွဲတွေကို ကမ္ဘာအနှံ့က စောင့်ကြည့်မှု ရုပ်သံပရိသတ်ဟာ ၄၁၅ သန်းထိ ရှိခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးရဲ့ အိမ်ကွင်းပွဲတွေကလည်း တီဗီပရိသတ် အများဆုံးအဖြစ် ထိပ်ဆုံးက ရှိနေတယ်လို့ သိရပါတယ်။

ထင်ရှားတဲ့ ဥပမာကတော့ လီဗာပူးအသင်းရဲ့ ရာသီသိမ်းပွဲကို စောင့်ကြည့်မှုဟာ မန်စီးတီးရဲ့ ၄ ရာသီဆက် ချန်ပီယံဖြစ်မှုကို စောင့်ကြည့်တာထက် viewer စုစုပေါင်း ၇၀% ပိုများခဲ့သေးတာပါ။

လီဗာပူးက ဝုဗ်ကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲကို ဗြိတိန်မှာတင် ရုပ်သံက ကြည့်ရှုသူ ၁.၂ သန်းထိ ရှိခဲ့ပြီး ဥရောပတလွှား မှတ်တမ်းအရဆိုရင် ကြည့်ရှုသူ ၃၉.၂ သန်းထိ ရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာကျော် Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ လီဗာပူးအသင်းဟာ ပေါင် ၄.၂ ဘီလျံ တန်ကြေးနဲ့အတူ ကမ္ဘာပေါ်မှာ စတုတ္ထမြောက် တန်ကြေးအကြီးဆုံး အသင်းအဖြစ် ရှိနေတယ်လို့ သိရပါတယ်။