ကိုနတေး အပါအဝင် လီဗာပူး အသင်းသား ၄ ဦးရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်

လီဗာပူး ကစားသမားအချို့ဟာ ဒီနွေမှာ အသင်းပြောင်းနိုင်ကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ခံစစ်မှူး ကိုနတေးဟာ လီဗာပူးနဲ့ စာချုပ် ၂ နှစ်ကျန်ရှိသေးကာ အသင်းဘက်က သူ့ကို စာချုပ်သစ်ပေးနိုင်ကြောင်း သိထားရတာပါ။ တချိန်တည်းမှာပဲ ကိုနတေးဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်နေပါတယ်။

ကိုနတေးကတော့ သူဟာ ပဲရစ်မြို့သားဖြစ်ခြင်းနဲ့ သူ့မိသားစုဝင်တွေက ပီအက်စ်ဂျီ ပရိသတ်တွေဖြစ်တာကြောင့် အခုလို သတင်းထွက်နေတာ ဖြစ်မှာပါလို့ တိုက်ရိုက် တုန့်ပြန်ထားပါတယ်။

ဂိုးသမား ကလယ်ဟာရဲ့ အပြောင်းအရွှေ့ ကိစ္စကလည်း စောင့်ကြည့်ချင်စရာ ဖြစ်နေပါတယ်။ ကလယ်ဟာကတော့ သူကိုယ်တိုင်လည်း နောက်ရာသီ လီဗာပူးမှာ ဆက်ရှိနေမလား မသိပါဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မနှစ်နွေကမှ အသင်းထံ ရောက်လာတဲ့ ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ဟာ အီတလီကလပ် အေစီမီလန်နဲ့ သတင်းအချို့ ထွက်ပေါ်လာပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ ဘွန်ဒက်လီဂါကို ပြန်ရောက်ဖို့ မရှိတာတော့ သေချာတယ်လို့ သိထားရတယ်။

လီဗာပူးနည်းပြသစ် အာနယ် ဆလော့ဟာ ကစားသမားတိုင်းရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံမှုလုပ်ဖို့ စီစဉ်နေသလို တနိုင်ငံတည်းသား ဂရာဗင်ဘက်ချ်နဲ့ စကားပြောကြဦးမယ်လို့လည်း လီဗာပူးသတင်းထောက်တွေက ဖော်ထုတ်ထားပါတယ်။

မနှစ်ကရာသီ မိန့်ဇ်အသင်းထံ အငှားထွက်ခဲ့တဲ့ ဆပ်ဗန်ဒန်ဘတ် ကိုယ်တိုင်ကပဲ သူ့ရဲ့ အနာဂတ်ဟာ မသေချာသေးကြောင်း ထုတ်ပြောသွားပါတယ်။

အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးက သူဟာ ဗန်ဒိုက်၊ မာတစ်၊ ကိုနတေးတို့ နေရာ တိုက်ရိုက် ဝင်ခွင့်ရမှာ မဟုတ်ကြောင်း နားလည်ထားပြီး အရန်စာရင်းကနေ ကစားခွင့်ရဖို့ မျှော်လင့်နေတာပါ။ ဒါပေမယ့် တချိန်တည်းမှာပဲ ပွဲကစားခွင့်ရမယ်ဆိုရင် လီဗာပူး အပြင်ဘက်ကို ထွက်မှာဖြစ်ကြောင်းလည်း ထုတ်ပြောလာပါတယ်။

ဘယ်တောင်ပံသမား ဒီယက်ဇ်နဲ့ ခံစစ်မှူး ဂိုးမက်ဇ်တို့ဟာလည်း ဒီနွေမှာ အသင်းပြောင်းနိုင်ကြောင်း သတင်းတွေရှိထားကြသူတွေ ဖြစ်ပါတယ်။