

ခံစစ်မှူး ဗန်ဒန်ဘတ်က လီဗာပူးအသင်းဟာ သူ့ကို ယုံကြည်မှုတွေရအောင် လုပ်မပေးခဲ့ဘဲ သူ့အနာဂတ်ကို ဟန့်တားနေတယ်လို့ ထင်မြင်နေကြောင်း နယ်သာလန်သတင်းဌာန De Telegraaf က ဖော်ထုတ်လိုက်ပါတယ်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီမှာ လီဗာပူးအသင်းကို ပြောင်းလာပြီးတဲ့နောက် နေရာမရခဲ့တဲ့ ဗန်ဒန်ဘတ်ဟာ ပရီစတန်၊ ရှော်ကေး၊ မိန့်ဇ်အသင်းတွေထံ အငှားထွက်ကစားခဲ့ရပါတယ်။
ဗန်ဒန်ဘတ် ကိုယ်တိုင်က သူဟာ လီဗာပူးအသင်းမှာ ပွဲကစားခွင့် ရသင့်နေပြီလို့ ယုံကြည်ထားကာ နည်းပြက နေရာပေးမှာ မဟုတ်ဘူးလို့ သိရတိုင်း အငှားထွက်ခွင့်ပေးဖို့ပဲ ကိုယ်တိုင်ပဲ တောင်းဆိုခဲ့ကြောင်း ဝန်ခံထားပါတယ်။
ဒီရာသီ မိန့်ဇ်နဲ့ အငှား စာချုပ်မှာ နှစ်သင်း သဘောတူညီရင် ရာသီကုန်မှာ ယူရို ၅ သန်း ဝန်းကျင်ဖြင့် ခေါ်ယူခွင့် ပါဝင်ပေမယ့် လီဗာပူးဘက်က အပြီးသတ် ခေါ်ယူခွင့်မပေးခဲ့တာကြောင့် ဗန်ဒန်ဘတ်ဟာ မာဆေးဆိုဒ်ကိုပဲ ပြန်လာရမှာဖြစ်ပါတယ်။
နယ်သာလန်သား နည်းပြ အာနယ် ဆလော့ လက်ထက်မှာ တနိုင်ငံတည်းသား ဗန်ဒန်ဘတ် နေရာရနိုင်ကြောင်း သုံးသပ်ကြပေမယ့် လီဗာပူးဘက်ကတော့ ခံစစ်မှူးကို ပေါင် သန်း ၂၀ ဖြင့် စျေးတင်ရောင်းဖို့ပဲ ရည်ရွယ်ထားတယ်။
ဗန်ဒန်ဘတ်ကို ခေါ်ယူဖို့ ဘရန့်ဖိုဒ့်နဲ့ ဆောက်သမ်တန်တို့က စိတ်ဝင်စားနေကာ ဘွန်ဒက်လီဂါကလပ်တွေကတော့ ပေါင် သန်း ၂၀ ပေးဖို့ စိတ်မဝင်စားဘူးလို့ သိရတယ်။
ဘာဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ပေမယ့် ဗန်ဒန်ဘတ်ကတော့ လီဗာပူးမှာ ဆက်နေခွင့်ကို လက်လျော့ထားပြီဖြစ်ကာ ဒီနွေမှာ အသင်းသစ်ထံ ကူးပြောင်းချင်စိတ် များနေကြောင်း သိလာရတာဖြစ်ပါတယ်။