

ဒီတလောမှာ လီဗာပူးအသင်းက ပေါ်တိုအသင်း ကွင်းလယ်ခံစစ်မှူး အလန် ဗီအဲရာကို လိုက်နေကြောင်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တောင်အမေရိက သတင်းထောက်ဖြစ်တဲ့ Eduardo Burgos က လီဗာပူးအသင်းဟာ ကစားသမားဘက်နဲ့ ဆက်သွယ်မှုတွေ စတင်ထားကြောင်း ထုတ်ဖော်သွားပါတယ်။
ဒီသတင်းတွေရဲ့ အစဟာ ကစားသမားရဲ့ ဇာတိမြေဖြစ်တဲ့ အာဂျင်တီးနားကဖြစ်ပြီး ဒီအပတ်မှာ စပိန်သတင်းဌာနတွေကပါ ဖော်ပြလာခဲ့ပါတယ်။
လီဗာပူးအသင်းမှာ နံပါတ် ၆ သမား လိုအပ်နေတာကြောင့် အလန်ကို စိတ်ဝင်စားကြောင်း သတင်းဟာ သဘောတွေ့စရာဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် မာဆေးဆိုဒ် သတင်းထောက် Paul Gorst က လီဗာပူးအသင်း သတင်းရင်းမြစ်ကို မေးမြန်းရာမှာ ငြင်းဆန်ခံခဲ့ရပါတယ်။
အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူမှာ ပေါင် သန်း ၆၀ တန် ခေါ်ယူခွင့် စာချုပ်ရှိထားပြီး အသင်းနဲ့ သတင်းထွက်လာတာကတော့ ကစားသမားရဲ့ အေးဂျင့်ဘက်က လှုပ်ရှားနေမှုပဲ ဖြစ်တယ်လို့ သိရပါတယ်။
“ အကြီးတန်း သတင်းပေးကတော့ အသင်းက အလန်ကို စိတ်ဝင်စားနေကြောင်း သတင်းကို ငြင်းပါတယ်။ ဒီအပြောင်းအရွှေ့ သတင်းတွေ ထွက်လာတာဟာ ကစားသမားရဲ့ အေးဂျင့်ဘက်က ဖန်တီးနေတာလို့ ယုံကြည်ရပါတယ် ” ဆိုပြီး Gorst က ရေးသားခဲ့ပါတယ်။
အေးဂျင့်တွေဟာ သူတို့ရဲ့ ကစားသမားကို လူတွေသတိထားမိလာဖို့ လီဗာပူး၊ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့လို နာမည်ကြီး ကလပ်တွေနဲ့ အပြောင်းအရွှေ့ သတင်းတွေ ဖန်တီးတတ်ကြတာပါ။ အလန်ရဲ့ ကိစ္စဟာလည်း လက်တလောမှာတော့ အဲ့လို အခြေအနေမျိုးလို့ နားလည်ရတာ ဖြစ်ပါတယ်။