သတင်းကြီး ဖော်ပြခံနေရသူ နံပါတ် ၆ သမား ၂ ဦးကို လက်ခါပြတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ စျေးကွက်အတွက် စိစစ်မှုတွေ စတင်နေပြီ နားလည်ထားရပေမယ့် သတင်းကြီးနေတဲ့ ကိစ္စ ၂ ခုလုံးကိုတော့ ပယ်ချခံခဲ့ရပါတယ်။

နည်းပြ အာနယ် ဆလော့ရဲ့ ၄-၂-၃-၁ ကစားကွက်မှာ ကွင်းလယ် နံပါတ် ၆ သမား တစ်ဦးကို လီဗာပူးဘက်က အားဖြည့်ပေးမယ်လို့ သတင်းကြီးနေတာပါ။ အာနယ်ဟာ မာကာကို ရှေ့တက်ကစားစေလိုကြောင်းလည်း သိလာရပါတယ်။

ကွင်းလယ် ၂ ဦးတည်းမှာ ထရန့်နဲ့ နံပါတ် ၆ သမား တစ်ဦးကို တွဲသုံးမယ်လို့ ဖော်ပြလာကြပြီး အဲ့အတွက်လည်း အသင်းက ဥရောပက ကွင်းလယ်လူကောင်း များစွာကို ဆက်တိုက် ချိတ်ဆက်တယ်လို့ တောင်အမေရိကနဲ့ ရိုမန်နိုတို့က ဆိုပါတယ်။

အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုကတော့ လီဗာပူးအသင်း ခေါ်ယူမလား မသေချာပေမယ့် ပေါ်တိုအသင်းမှ အသက် ၂၂ နှစ်အရွယ် အာဂျင်တီးနားသား အလန် ဗီအဲရာနဲ့ အတ္တလန်တာမှ အသက် ၂၄ နှစ်အရွယ် ဘရာဇီးသား အီဒါဆန်တို့ကို မာဆေးဆိုဒ်ကလပ်ဘက်က ချိတ်ဆက်မှု စတင်နေပြီလို့ ဆက်တိုက် ဖော်ပြခဲ့တာပါ။

စိတ်ဝင်စားစရာက အဆိုပါ ဖော်ပြချက် ၂ ခုလုံးကို မာဆေးဆိုဒ်သတင်းထောက်တွေက ပြတ်ပြတ်သားသား ငြင်းဆန်ပါတယ်။ ၂ ဦးထက် ပိုတဲ့ မာဆေးဆိုဒ် သတင်းထောက်တွေက လီဗာပူးရဲ့ လူဝယ်စာရင်းမှာ အလန်နဲ့ အီဒါဆန်ကို ခေါ်ယူဖို့ မပါဝင်ဘူးလို့ ချက်ခြင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ ကလော့ပ်ထံက တင်းမာတဲ့ သဘောထားနဲ့အတူ လီဗာပူးအသင်းနဲ့ မာဆေးဆိုဒ် သတင်းထောက်တွေကြား အစေးမကပ်လှပါဘူး။ ဒါပေမယ့် မိုက်ကယ်အတ်ဝပ် အသင်းမှာ အားကစားဒါရိုက်တာ အဖြစ် အလုပ်လုပ်ခဲ့စဉ်က အသင်းနဲ့ သတင်းထောက်တွေကြား ဆက်ဆံရေးကောင်းတွေ ရှိခဲ့ပါတယ်။

FSG ရဲ့ ဘောလုံးဆိုင်ရာ စီအီးအိုအဖြစ် မိုက်ကယ်အတ်ဝပ် ပြန်ရောက်လာချိန်မှာ သူနဲ့ လီဗာပူးအခြေစိုက် သတင်းထောက်တွေကြား ကောင်းမွန်တဲ့ အနေအထားကို ပြန်တည်ဆောက်နေပြီလားကလည်း စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။