

လီဗာပူးအသင်းဘက်က နယူးကာဆယ် တိုက်စစ်မှူး ယာကူဘူ မင်တက်ကို ခေါ်ယူလိုရင် ပေါင် သန်း ၄၀ တောင်းဆိုခံရမှာဖြစ်ပေမယ့် အသင်းဘက်က စိတ်မဝင်စားဘူးလို့ သိရပါတယ်။
မနှစ်ကရာသီမှာ နယူးကာဆယ်ကို ပေါင် ၆.၅ သန်းဖြင့် ရောက်ရှိခဲ့ပြီး ပွဲကစားခွင့်အတွက် အာနယ် ဆလော့ရဲ့ အသင်းဟောင်း ဖီယင်နုထံ အငှားချခံခဲ့ရတဲ့ တိုက်စစ်သမားဟာ နယ်သာလန်ကလပ်နဲ့အတူ ခြေစွာခဲ့တာပါ။
ညာခြမ်းနဲ့ တောင်ပံနေရာကို ကစားနိုင်တဲ့ လူငယ် တိုက်စစ်မှူး တစ်ဦး ရှာဖွေနေတဲ့ လီဗာပူးဟာ အာနယ် ဆလော့ ကောင်းကောင်းကိုင်တွယ်နိုင်စွမ်းရှိတဲ့ မင်တက်ကို ခေါ်ယူနိုင်ကြောင်း အင်္ဂလန်မီဒီယာတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
မာဆေးဆိုဒ် သတင်းထောက် Ian Doyle ကတော့ ပြတ်ပြတ်သားသားပဲ အသင်းက မင်တက်ကို စိတ်မဝင်စားဘူးလို့ ငြင်းဆန်ခဲ့တာပါ။
ဒီတလောမှာ မာဆေးဆိုဒ် သတင်းထောက်တွေဟာ အပြောင်းအရွှေ့ ဖော်ပြချက် မှန်သမျှကို လီဗာပူးက စိတ်မဝင်စားဘူး၊ ကြိုးစားမှာ မဟုတ်ဘူးဆိုပြီး ငြင်းဆန်ခဲ့ကြတာချည်း ဖြစ်ပါတယ်။
ဒါ့အပြင် Ian Doyle ကတော့ ကလယ်ဟာရဲ့ ပြောင်းရွှေ့ကြေးဟာ အများထင်သလို စျေးချိုမှာ မဟုတ်ကြောင်းလည်း ဖော်ထုတ်သွားပါသေးတယ်။
ဇန်နဝါရီတုန်းက နော်တင်ဟမ် ဖောရက်စ်ဟာ ကလယ်ဟာကို ပေါင် ၁၅ သန်းနဲ့ ခေါ်ယူဖို့ ကြိုးစားပေမယ့် လီဗာပူးက ပယ်ချခဲ့တာပါ။ ဒီနွေမှာ ကလယ်ဟာကို ခေါ်လိုရင် ဇန်နဝါရီတုန်းက ရခဲ့တဲ့ ပြောင်းရွှေကြေးရဲ့ ၂ ဆရမှ ထွက်ခွင့်ပေးမယ်လို့ Ian Doyle က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။