

ပြီးခဲ့တဲ့ ဘောလုံးရာသီ အနေအထားနဲ့ နည်းပြ အာနယ် ဆလော့ သုံးနိုင်မယ့် လူစာရင်းတွေကို လီဗာပူးအသင်းဘက်က ပြန်လည် စိစစ်နေပြီး ဒီနွေမှာ ဘယ်သူ့ကို ခေါ်ယူဖို့ ကြိုးစားမလဲ အကဲဖြတ်နေပါတယ်။
လီဗာပူးအသင်းဟာ ၂၀၂၂ နွေတုန်းက ပြင်သစ်ကွင်းလယ်လူ ချူအာမီနီ၊ ၂၀၂၃ နွေတုန်းက ကွင်းလယ်လူ ကိုင်ဆီဒိုတို့ကို မြင့်မားတဲ့ ပမာဏတွေဖြင့် ကမ်းလှမ်းခဲ့သေးတာပါ။ ဒီနွေမှာတော့ နံပါတ် ၆ သမား တစ်ဦးရရေးဟာ လီဗာပူးပရိသတ်တွေရဲ့ မျှော်လင့်ချက်ဖြစ်ပါတယ်။
LFCThaDin ဖတ်ရှုသူတွေကို သတင်းပေးလိုတာကတော့ လီဗာပူးအသင်းဟာ ဒီနွေမှာ နံပါတ် ၆ သမား ရရေးကိစ္စကို လုံးဝကြီး ဖယ်ထုတ်လိုက်တာ မဟုတ်ပေမယ့် မဖြစ်မနေ လုပ်ရမယ့် ကိစ္စလို့ ထင်မြင်နေခြင်း မရှိတော့ပါဘူး။
ဖာဘင်ညိုနောက်ပိုင်း ထိပ်တန်းအဆင့် နံပါတ် ၆ သမား မရှိခြင်း၊ အန်ဒိုရဲ့ အသက်အရွယ်၊ သီယေဂိုပါ ထွက်ခွာသွားခြင်းတို့ ရှိထားပေမယ့် လီဗာပူးအသင်းက နည်းပြအာနယ် လက်ထက်မှာ ကွင်းလယ်ကို ပုံစံသစ်ဖြင့် ဖွဲ့စည်းနိုင်မယ် ယုံကြည်ထားပါတယ်။
အာနယ် ဆလော့ရဲ့ ၄-၃-၃ ကစားကွက် တနည်းအားဖြင့် ၄-၂-၃-၁ ကစားကွက်မှာ ကွင်းလယ် နှစ်ယောက်တန်းကနေ ထရန့် ပါဝင်လာရဖို့ ရှိနေပါတယ်။
ထရန့်ကို ညာခြမ်းကနေ မသုံးဘဲ ကွင်းလယ်ကနေ သုံးဖို့ စီစဉ်နေခြင်းကြောင့် နံပါတ် ၆ သမား ခေါ်ယူရေးဟာ ဦးစားပေး မဟုတ်တော့ကြောင်း အားကစားဒါရိုက်တာ ရစ်ချက်စ်ဟုချ်နဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့က မြင်ပါတယ်။
ကွင်းလယ် ၂ ဦးတွဲမှာ ထရန့်နဲ့တွဲပြီး အန်ဒို၊ မာကာတို့ ကစားနိုင်သလို နောက်ထပ် ၁ နေရာအတွက် ဆိုဘိုစလိုင်၊ ကာတစ်ဂျုံးတို့ ရှိနေကာ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ကာဗာရို၊ ဘာ့ဂျ်ဆဲတစ်နဲ့ တေလာ မော်တန်တို့ကလည်း ရွေးချယ်စရာတွေဖြစ်ပါတယ်။
အသင်းအတွက် နံပါတ် ၆ သမား ခေါ်ယူဖို့ထက် ဗဟိုခံစစ်မှူးသစ်နဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့ ကစားသမား ခေါ်ယူရေးက ပိုမို ဦးစားပေး ဖြစ်လာပြီလို့လည်း ရစ်ချက်ဟုချ်တို့က တွက်ဆထားပါတယ်။
ထူးခြားမှုအဖြစ် လီဗာပူးအသင်း လိုချင်တဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့သူဟာ တိုက်စစ်သမားတင် မဟုတ်ဘဲ အစွန်လူလည်း ဖြစ်လာနိုင်ပါတယ်။
ကုန်ခဲ့တဲ့ ၂ နှစ်အတွင်း လီဗာပူးအသင်းရဲ့ ကစားသမား ခေါ်ယူမှုတွေဟာ အသင်းအပေါ် သက်ရောက်မှုကြီးတွေ မရှိကြောင်း ဝေဖန်ခံနေခြင်းနဲ့အတူ အုပ်ချုပ်ရေးအဖွဲ့သစ်ဟာ ဒီနွေမှာတော့ အရေးပါတဲ့ ခေါ်ယူမှုတွေလုပ်ပေးနိုင်ဖို့ စိန်ခေါ်မှုမျိုးကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။