

ဒီနွေမှာ ကြီးကျယ်တဲ့ ခေါ်ယူမှုကြီး တစ်ခု ပြုလုပ်မယ့် လီဗာပူးအသင်းကတော့ ကလပ်ရဲ့ ဦးစားပေး အားဖြည့်မယ့် နေရာကို ရွေးချယ်လိုက်ပါပြီ။
မနေ့ကပဲ အသင်းဟာ နံပါတ် ၆ သမား တစ်ဦးကို ဦးစားပေးအဖြစ် ရွေးချယ်ခြင်း မရှိတော့ဘဲ ထရန့်ကို အဆိုပါနေရာမှာ သုံးဖို့ လျာထားလိုက်ပြီဖြစ်ကြောင်း LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြခဲ့ပြီးပါပြီ။
အင်္ဂလန်ရဲ့ ဂုဏ်သိက္ခာရှိ သတင်းဌာနတွေဖြစ်တဲ့ The Times နဲ့ The Athletic သတင်းဌာနတွေက အတည်ပြုလိုက်တာက လီဗာပူးဟာ လိုင်လီခံစစ်မှူး ယိုရိုအတွက် စတင် လှုပ်ရှားပြီဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကလည်း ယိုရိုကို ခေါ်ယူဖို့ စိတ်ဝင်စားကာ ပိုမို ရေပန်းစားနေပေမယ့် လီဗာပူး၊ မန်ချက်စတာ ယူနိုက်တက်အသင်းတွေက အသက် ၁၈ နှစ်အရွယ် ပြင်သစ်သားကို စည်းရုံးဖို့ စတင်လိုက်တာလို့ David Ornstein က ပြောပါတယ်။
ယိုရိုနဲ့ အပြောင်းအရွှေ့ သတင်းတွေကို မာဆေးဆိုဒ် သတင်းထောက်တွေကလည်း ပယ်ချခြင်း မရှိဘဲ အသင်းဘက်က ဒီတစ်ခါတော့ တကယ် လှုပ်ရှားနေတဲ့ သဘောတွေ ပြသလာပါတယ်။
ဒီကာလတွေအတွင်း လီဗာပူးအသင်းဟာ လက်ရှိ လူစာရင်းကနေ အာနယ် ဆလော့ အသုံးပြုနိုင်မယ့် ကစားကွက်၊ နည်းဗျူဟာတွေကို စိစစ်နေခဲ့ကာ အရေးကြီး အားဖြည့်ရမယ့် နေရာတွေကို ရှာဖွေနေခဲ့တာပါ။
ဗဟိုခံစစ်မှူးနဲ့ တောင်ပံမှာ ကစားနိုင်သူ ၂ နေရာကို အဓိက အားဖြည့်ဖို့ ရည်မှန်းလိုက်ကာ ကွင်းလယ်ခံစစ်နဲ့ ဂိုးသမားနေရာတွေကိုတော့ နောက်ပိုင်း အခွင့်အရေးရမှ ထပ်မံ ခေါ်ယူဖို့ဖြစ်ပါတယ်။
မကြာခင်မှာတော့ ယိုရိုအတွက် ကလပ်တွေဘက်က ပေးမယ့် ပြောင်းရွှေ့ကြေး ထွက်ပေါ်လာဖို့ရှိကာ လိုင်လီဘက်က ပေါင် ၈၅ သန်းဝန်းကျင် ရလိုပေမယ့် ကလပ်တွေဘက်က တကယ်တမ်း စတင်မယ့် ပမာဏဟာ ပေါင် သန်း ၅၀ ဝန်းကျင်လို့တော့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။