

လီဗာပူးအသင်းဟာ ဒီနွေ အပြောင်းအရွှေ့စျေးကွက်မှာ ဗဟိုခံစစ်မှူးသစ်ရရေးကို အားထည့်သွားဖို့ ရွေးချယ်လိုက်ပြီဖြစ်ကြောင်း မာဆေးဆိုဒ် သတင်းထောက်တွေ ဖော်ပြလာခဲ့ပါပြီ။
အင်္ဂလန်ပြင်ပ သတင်းထောက်တွေက လီဗာပူးဟာ ဘင်ဖီကာမှ ဂျာအိုနီဗက်စ်၊ အတ္တလန်တာမှ အီဒါဆန်၊ ပေါ်တိုမှ အလန်တို့ကို ခေါ်ယူလိုနေကြောင်း ဖော်ပြပေမယ့် ဒါတွေဟာ ကလပ်တွေနဲ့ အေးဂျင့်တွေဘက်က လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။
အသင်းဟာ အဆိုပါ ကွင်းလယ်လူတွေအတွက် ကြိုးစားနေခြင်း မရှိကြောင်း မာဆေးဆိုဒ်သတင်းထောက်တွေရဲ့ ငြင်းပယ်မှုတွေအား LFCThaDin ဖတ်ရှုသူတွေအတွက် ဒီတလော ကျနော်တို့ ဆက်တိုက် ဖော်ပြခဲ့ပြီးပါပြီ။
ဂုဏ်သိက္ခာရှိ လီဗာပူးသတင်းထောက် Ian Doyle တို့ကတော့ အသင်းဟာ လိုင်လီအသင်းမှ ခံစစ်မှူး ယိုရိုကို အလေးအနက် စိတ်ဝင်စားနေကြောင်းနဲ့ ကမ်းလှမ်းခွင့်ရမယ်ဆိုရင် ဝင်ရောက် ညိနှိုင်းဖို့ အဆင်သင့် စောင့်ဆိုင်နေပြီလို့ သတင်းပေးလာခဲ့ပါတယ်။
လက်တလောမှာ ယိုရိုကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်က ပိုမို ရေပန်းစားပေမယ့် စပိန်ကလပ်ထံ ပြောင်းရွှေ့ရေး အဆင်မပြေရင် လီဗာပူးဘက်က အပြောင်းအရွှေ့ ကိစ္စကို အရှိန်မြင့် လုပ်ဆောင်သွားတော့မှာပါ။
လိုင်လီဘက်က ခံစစ်မှူးအတွက် ယူရို သန်း ၁၀၀ ရလိုနေပြီး ရီးရဲလ်မက်ဒရစ်ဘက်က ယူရို သန်း ၄၀ စျေးဖြတ်ထားပါတယ်။ လီဗာပူးဘက်က ဘယ်လောက် ပမာဏမျိုး စျေးဖြတ်ထားကြောင်း မသိရသေးပေမယ့် ပြင်သစ်ကလပ်နဲ့ ၁၂ လပဲ စာချုပ်ကျန်တော့သူအတွက် အရမ်းကြီးတော့ စျေးမြင့်ပေးမှာ မဟုတ်ပါဘူး။
လီဗာပူးအသင်းဟာ ယိုရိုကို မခေါ်နိုင်ရင်တောင် ဗဟိုခံစစ်မှူးသစ် သေချာပေါက် ခေါ်ယူတော့မှာဖြစ်သလို တောင်ပံတွေမှာ ကစားနိုင်သူ တစ်ဦးကိုပါ အားဖြည့်သွားတော့မယ်လို့ အသင်းသတင်းထောက်တွေက အသိပေးလာခဲ့ပြီ ဖြစ်ပါတယ်။