

လီဗာပူးအသင်းဟာ မီဒီယာတွေမှာ ဖော်ပြနေကြသလောက် အပြောင်းအရွှေ့ ကိစ္စ အများကြီးမှာ ဝင်ပါနေတာမျိုး မဟုတ်ဘဲ ဒီကာလတွေအတွင်း ဘယ်နေရာကို အားဖြည့်ရမလဲ အသေးစိတ် စိစစ်မှုတွေ လုပ်နေတာပါ။
ကလပ်ရဲ့ လက်တလော အပြောင်းအရွှေ့ ကိစ္စ (၃) ခုကိ LFCThaDin ဖတ်ရှုသူတွေအတွက် ဖော်ပြပေးပါမယ်။
ဗန်ဒိုက်
စာချုပ်နောက်ဆုံးနှစ်ကို ရောက်နေတဲ့ ဗန်ဒိုက်ကို ဆော်ဒီကလပ် Al-Nassr အသင်းဘက်က စိတ်ဝင်စားမှု ရှိထားပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် နယ်သာလန်အသင်းနဲ့ ပူးပေါင်းနေတဲ့ ဗန်ဒိုက်ရဲ့ အေးဂျင့်ထံ ဆော်ဒီကလပ် တာဝန်ရှိသူတွေ ချိတ်ဆက်မှု ရှိထားပါတယ်။
Al-Nassr အသင်းရဲ့ အထွေထွေဒါရိုက်တာဘက်က ကမ္ဘာ့လုပ်ခအမြင့်ဆုံး ခံစစ်မှူးအဖြစ် ဗန်ဒိုက်ကို လစာအများကြီးပေးဖို့ ဆန္ဒရှိနေပေမယ့် ၎င်းတို့အသင်းဟာ လီဗာပူးဘက်ကို ချိတ်ဆက် စကားပြောလာတာမျိုး မရှိသေးပါဘူး။
ယိုရို
ပြင်သစ်ကလပ် လိုင်လီအသင်းကို ပရီးမီးယားလိဂ်ကလပ် တစ်သင်းက ချိတ်ဆက်ခဲ့ပြီး ခံစစ်မှူး ယိုရိုအတွက် ပေါင် ၄၂.၃ သန်းတန် ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ အမည်ဖော်ပြနိုင်ခြင်း မရှိတဲ့ အဆိုပါကလပ်ဟာ လီဗာပူး ဒါမှမဟုတ် မန်ချက်စတာ ယူနိုက်တက်ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ယိုရိုဟာ ရီးရဲလ်မက်ဒရစ်ထံ ရောက်ဖို့ ရေပန်းစားပေမယ့် စပိန်ကလပ်ဘက်က ပြောင်းရွှေ့ကြေး ယူရို သန်း ၄၀ ထက် ပိုမပေးလိုပါဘူး။ ရီးရဲလ် နောက်ဆုတ်သွားရင် အခွင့်အရေးကောင်းကို ဖမ်းဆုပ်ဖို့ လီဗာပူးက အဆင်သင့်ရှိနေတယ်လို့ သိထားရတာ ဖြစ်ပါတယ်။
ဂျာရိုစ့်
မနှစ်ကရာသီ ဆဲလ်ဘတ်ကို ကျော်ပြီး ဩစတြီးယားချန်ပီယံဖြစ်ခဲ့တဲ့ Sturm Graz အသင်းထံ အငှားထွက်ကစားရင်း လက်စွမ်းပြခဲ့တဲ့ လီဗာပူးကြယ်ပွင့်လေး ဖြစ်ပါတယ်။ လက်ရှိ ယူရိုမှာလည်း ပိုလန်အသင်းအတွက် ရွေးချယ်ခံထားရပါတယ်။
ပပ်လင်ဒါးက သူ တာဝန်ယူနေတဲ့ ဆဲလ်ဘတ်အတွက် ဂျာရိုစ့်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေသလို ဘရတ်ဒလေကိုပါ ခေါ်ယူလိုရိပ်တွေ ပြသနေပါတယ်။
လီဗာပူးဘက်ကတော့ ကလယ်ဟာကို ရောင်းထုတ်ရရင် အယ်လီဆန်ရဲ့ အရန်အဖြစ် ဂျာရိုစ့်ကို ရည်ရွယ်ထားဆဲဖြစ်ပြီး ထရန့် ကွင်းလယ်ကို ပြောင်းသွားရင် ညာအစွန်မှာ ဘရတ်ဒလေကို သုံးမှာ ဖြစ်ပါတယ်။