အင်္ဂလန် ၁-၀ ဆားဘီးယားပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုရှင် ဘယ်လင်ဟမ်က ကွင်းလယ်မှာ ထရန့်နဲ့အတူ တွဲကစားရခြင်းကို အတော်လေး အားရကျေနပ်နေပါတယ်။
ညာအစွန်လူ ထရန့်ဟာ ယူရိုမှာတော့ ကွင်းလယ်လူအဖြစ်က ပြောင်းကစားပြီဖြစ်ကာ နံပါတ် ၆ သမားတာဝန်ကို ပူးတွဲရယူထားတာပါ။ ထရန့်ကို အသင်းဖော် နောက်မှာ ရှိနေခြင်းဟာ သူ့ကို တိုက်စစ်တာဝန် ပိုယူခွင့်ရစေတယ်လို့ ဘယ်လင်ဟမ်က ဆိုပါတယ်။
“ ထရန့်က ပွဲကို အကောင်းဆုံး ထိန်းချုပ်ပေးထားတော့ ကျနော် ကစားရ သိပ်လွယ်သွားတာပေါ့။ ခံစစ်ပိုင်းမှာ သူကို လူတွေအများကြီးက အရေမရ အဖတ်မရစကားတွေနဲ့ ဝေဖန်ပြောဆိုကြတာ ကျနော် သိပါတယ်။
သူ့ရဲ့ ကစားဟန်က ကျနော်အတွက် အရမ်းကို အကူအညီဖြစ်တယ်။ သူ့ကြောင့်ပဲ ကျနော်မှာ အသက်ရှုချိန်တွေရနေရတာပါ။ ထရန့်က တချိန်လုံး တိုက်ဆင်ကစားချင်တာ၊ ကျနော်တို့က အချင်းချင်းလည်း နားလည်နိုင်စွမ်းရှိတယ်၊
သူ့လို ကစားသမားမျိုးနဲ့ တွဲကစားရတာကို ကျေနပ်တယ်။ ဘောလုံးဆုံးရှုံးတော့လည်း ကျနော်တို့ အချင်းချင်းအတွက် ပြန်လိုက်ယူပါတယ်။ သူက သိပ်ကောင်းတဲ့ ကစားသမားပါ ” လို့ ဘယ်လင်ဟမ်က ပြောပါတယ်။
ထရန့်ဟာ အမြဲတမ်း အကောင်းမြင်တဲ့စိတ် ရှိသူဖြစ်ကာ သူ့ရဲ့ အရည်အချင်းကလည်း ယှဉ်လို့မရတဲ့ အဆင့်မှာ ရှိတယ်လို့လည်း ရီးရဲလ်ကွင်းလယ်လူက မှတ်ချက်ပြုပါတယ်။
ဘယ်လင်ဟမ်က “ ထရန့်နဲ့ တွဲကစားရတာကို ကျနော် သဘောတွေ့တယ်။ ဘောလုံးနဲ့အတူကော ဘောလုံးမရှိချိန်မှာပါ ကျနော်တို့က အတွဲညီတယ်။ ကျနော် အတွေးမှာတော့ ဘောလုံးကိုင်ကစားခွင့်ရတော့လည်း ထရန့်က သိပ်ထူးချွန်ပါတယ်။
ထရန့်က ဘောလုံးနဲ့ သိပ်တည်ငြိမ်သလို နည်းစနစ်ပိုင်းနဲ့ အရည်အချင်းမှာလည်း မယှဉ်သာအောင်ကို လုပ်ပြနိုင်စွမ်းရှိပါတယ်။ သူက အတော်လေး အကောင်းမြင်တတ်သူပဲ။ တချိန်လုံး ကွင်းအနှံ့သွားပြီး တိုက်စစ်ကစားလိုတဲ့ ကျနော်အတွက်တော့ ထရန့်က သိပ်ကို အကူအညီဖြစ်တဲ့ အသင်းဖော်ပဲ။ ” လို့ ဆိုသွားခဲ့ပါတယ်။
ထရန့်ဟာ ယူရိုမှာ ကွင်းလယ်သမားအဖြစ် စတင်ကစားနေကာ နည်းပြအာနယ် ဆလော့ လက်ထက်မှာလည်း တူညီတဲ့နေရာကို ပြောင်းကစားနိုင်ကြောင်း သတင်းကြီးနေတာပဲ ဖြစ်ပါတယ်။