

လီဗာပူးဟာ ကလော့ပ် လက်အောက် ပြန်လည် တည်ဆောက်မှုတွေ လုပ်ဆောင်နေသလို ရာသီမကုန်ခင်မှာပဲ အသင်းရဲ့ပုံမှန် လေ့ကျင့်ရေးနဲ့ နည်းပြခြင်း နည်းစနစ်တွေကို ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။
ချန်ပီယံလိဂ်ဝင်ခွင့် ပြင်ပနေရာကို ရောက်ခဲ့တဲ့ထိ ဆိုးရွားမှုတွေကို ရင်ဆိုင်နေရတဲ့ လီဗာပူးအသင်းဟာ ရာသီကုန်ခါနီးမှာတော့ အထင်ကြီးစရာ ပုံစံကောင်းကို ရရှိနေပြီး စနေနေ့က ဘရန့်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရခဲ့တာဟာ အသင်းရဲ့ ၆ပွဲဆက် အနိုင်ရလဒ် ဖြစ်ခဲ့ပါတယ်။
မတ်လအတွင်း ဘုန်းမောက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ကို ရှုံးနိမ့်ခဲ့ကာ ဒီရာသီ ဘာမှ မျှော်လင့်စရာ မရှိတော့တဲ့နောက် လီဗာပူးဟာ အသစ်တွေကို ပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရာသီကြိုမှ အသစ်စမှာထက် အခုတည်းက နည်းပြအဖွဲ့ဟာ ချဉ်းကပ်မှုပုံစံ အသစ်ကို ကျင့်သုံးနေပါပြီ။
“ ကျွန်တော်တို့ စီမံကိန်း အသစ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့အတွက်တော့ လတ်ဆတ်တဲ့လေကို ရှူသွင်းလိုက်ရသလို ခံစားရပါတယ်။ နည်းပြတဲ့ပုံစံ ပြောင်းလဲသွားတယ်၊ လေ့ကျင့်မှု ပုံစံတွေကလည်း ပြောင်းလဲသွားတယ်။ အရာအာလုံးက ကျွန်တော်တို့ရင်ဘတ်ကို ဖွင့်လှစ်လိုက်သလို ဖြစ်ခဲ့တာပါ။
ကျွန်တော်တို့ ယှဉ်ပြိုင်ကြရအောင်ပါ။ ဒီနှစ်မှာ ထပ်ပြီး ဆုံးရှုံးစရာလည်း မရှိတော့ပါဘူး။ ဒါဆိုရင် အခုပဲ လီဗာပူးအသင်း အသစ်ကို ဘာကြောင့် မစတင်နိုင်ရမှာလဲ။ အဲ့အတွေးနဲ့ ကျနော်တို့ အသစ်တွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။
ကောင်းတဲ့အခိုက်အတန့်တွေ အများကြီး မြင်ရတယ်။ ဒါပေမယ့် ပြင်ဆင်စရာတွေ ရှိပါသေးတယ်။ သင်ယူရဦးမယ်။ တိုးတက်အောင် လုပ်ရဦးမယ်။ ကျွန်တော်တို့ တိုးတက်လာမှာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။
အခုချိန်မှာ ၁ပတ် ၃ပွဲ ကစားနေရတယ်။ ဆိုတော့ ‘ဒါက ကောင်းတယ်’ ‘ဒါက သိပ်မကောင်းဘူး’ ဆိုတာကလွဲရင် ကောင်လေးတွေအတွက် ပြောစရာက သိပ်မရှိသေးဘူး ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။
၁၅ ရက်အတွင်း ၅ပွဲ ကစားခဲ့ပြီးနောက် လီဗာပူးဟာ တနင်္လာနေ့ လက်စတာနဲ့ အဝေးကွင်းပွဲ ယှဉ်ပြိုင်ရပါမယ်။ အဲ့ဒါပြီးရင်တော့ အက်စ်တွန်ဗီလာနဲ့ အိမ်ကွင်းပွဲ၊ ရာသီနောက်ဆုံးရက်မှာ ဆောက်သမ်တန်နဲ့ အဝေးကွင်းပွဲ ကစားရမှာ ဖြစ်ပါတယ်။