NEWS: လီဗာပူးအသင်း စောင့်ကြည့်မှုထဲ ပါဝင်လာတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲဝင် ခံစစ်မှူး ၂ ဦး

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ခံစစ်မှူးသစ် အားဖြည့်လိုနေတာကြောင့် အင်္ဂလန်ပြည်တွင်းကော ပြည်ပမှာပါ လူငယ်တန်းတွေထဲက ကစားသမားတွေကို စောင့်ကြည့်မှုတွေ ဆက်တိုက် လုပ်လာနေပါတယ်။

ပြင်သစ်ကလပ် လိုင်လီအသင်းမှ ၁၈ နှစ်သား ယိုရိုဟာ အသင်းရဲ့ ထိပ်တန်း ပစ်မှတ်လို သိထားရကာ အသင်း စိတ်ဝင်စားနေတဲ့ နောက်ထပ် ဗဟိုခံစစ်မှူး ၂ ဦး နာမည်လည်း ထွက်ပေါ်လာခဲ့ပါပြီ။

ပထမတစ်ဦးကတော့ အင်္ဂလန်အသင်း ခံစစ်မှူးဖြစ်တဲ့ ဂူဟီဖြစ်ပါတယ်။ လန်ဒန်သတင်းထောက် Matt Law ကပဲ အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သား ခံစစ်မှူးကို လီဗာပူးအသင်းဘက်က ယူရို မစခင်တည်းက စိတ်ဝင်စားနေတာလို့ ဆိုပါတယ်။

LFCThaDin ဖတ်ရှုသူတွေကို အသင်းမှာ homegrown ပြဿနာ ရှိနေတာကို ကျနော်တို့ မကြာခဏ အသိပေးဖူးပါတယ်။ လီဗာပူးအသင်းဟာ မနှစ်က ဘောလုံးရာသီ တစ်ခုလုံးမှာ homegrown သမား အပြည့်မတင်နိုင်ဘဲ နိုင်ငံခြားသား ကစားသမားတွေကိုပဲ အပြည့် စာရင်းတင်နိုင်ခဲ့ပါတယ်။

ဒီနွေမှာ ကလယ်ဟာ၊ ဂိုးမက်စ်တို့လို homegrown သမားတွေ ထွက်သွားမယ်ဆိုရင် ဒီပြဿနာက ပိုကြီးလာနိုင်ပါတယ်။ ဒါကြောင့် အသင်းဘက်က ဂူဟီကို စောင့်ကြည့်လာခြင်း ဖြစ်နိုင်ပြီး ပဲလေစ့်ဘက်ကတော့ ပေါင် ၆၅ သန်း ရလိုနေပါတယ်။

နောက်တစ်ဦးကတော့ အီတလီအသင်းမှ ရီကာဒို ကာလယ်ဖီအိုရီဖြစ်ပါတယ်။ အသက် ၂၂ နှစ်သား ဘိုလော့ညာ ကစားသမားဟာ အီတလီအသင်းနဲ့ ယူရိုမှာ ဘယ်ခြမ်း ခံစစ်မှူးအဖြစ် ပွဲထွက်ထားသူပါ။

ဒါပေမယ့်လို့ ဘိုလော့ညာနည်းပြ မော်တာက ဂျူဗင်တပ်ထံ ပြောင်းသွားပြီဖြစ်သလို ကယ်လယ်ဖီအိုရီကို ခေါ်ယူလိုနေတာကြောင့် စီးရီးအေကလပ်ကပဲ ရေပန်းစားမှု ပိုများနေတဲ့ အခြေအနေလို့ သိရပါတယ်။