

လီဗာပူးအသင်းဘက်က ဒီနွေမှာ အလုပ်ခေါ်စာတွေ တောက်လျှောက် ထုတ်ပေးနေပြီး နောက်ဆုံးထုတ်လာခဲ့တာက ပရိသတ်တွေအတွက် အတော်လေး စိတ်ဝင်စားလောက်တဲ့ အလုပ်တာဝန်မျိုး ဖြစ်ပါတယ်။
ကလော့ပ်နဲ့ နည်းပြအဖွဲ့ ထွက်ခွာသွားတဲ့နောက်ပိုင်း လီဗာပူးအသင်းဟာ တည်ကန်ဘော စပယ်ရှယ်လစ်၊ ကြံ့ခိုင်ရေးနည်းပြ၊ ပထမအသင်းဆေးအဖွဲ့နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ အကဲဖြတ်သူ အစရှိတဲ့ နေရာတွေအတွက် ရာထူးသစ်တွေ ခေါ်ယူနေသလိုပဲ ကစားသမားတွေကို ဂရုစိုက်ပေးဖို့ ရာထူးသစ်တစ်ခု ထပ်ခေါ်လာတာပါ။
‘Player Care Administrator’ ဆိုတဲ့ ရာထူးသစ်ဟာ အက်ဆာလေ့ကျင့်ရေးမှာ တာဝန်ထမ်းဆောင်ရမှာဖြစ်ကာ ကစားသမားတွေကို ကွင်းတွင်းကွင်းပြင်မှာ အခက်မတွေ့စေဖို့ရာ ကောင်းမွန်စွာ စီစဉ်ပေးရသူ ရာထူး အမျိုးအစားဖြစ်ပါတယ်။
ပိုပြီး ရိုးရိုးရှင်းရှင်း ပြောရရင်တော့ ကစားသမားတွေ လီဗာပူးအသင်းအတွက် ကစားပေးစဉ် အစစအရာရာ အဆင်ပြေနေအောင် စောင့်ရှောက်ပေးရတဲ့ တာဝန်ဖြစ်သလို ကစားသမားတွေရဲ့ ကွင်းတွင်းကွင်းပြင် နေ့စဉ် ဘဝတွေကို ကြီးကြပ်ပေးရမှာပါ။ ဒါ့အပြင်
– အသင်းကို ရောက်လာတဲ့ ကစားသမားတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးခြင်း
– အခွန်၊ ဖုန်းတပ်ဆင်ပေးခြင်းတို့လို အသုံးစရိတ်တွေကို စီမံပေးခြင်း
– စားဖိုမှူး၊ ယာဉ်မောင်း၊ ကျန်းမာရေးပိုင်း စီစဉ်ပေးခြင်း
– လေ့ကျင့်ရေးကွင်းက ကစားသမားတွေရဲ့ ကားတွေကို ဂရုစိုက်ပေးခြင်း
– လက်မှတ်တောင်းဆိုမှုတွေကို စီမံပေးခြင်းတွေလည်း ပါဝင်ပါတယ်။
ဒီရာထူးကိုတော့ အသင်းရဲ့ အထွေထွေမန်နေဂျာ Ray Haughan က ပထမအသင်း အော်ပရေးရှင်းတွေအတွက် လိုအပ်တာကြောင့် ဖွင့်ပေးလာခြင်းလို့ သိရပါတယ်။