လီဗာပူးအသင်းနဲ့ ပထမဆုံး အင်တာဗျူး ပြုလုပ်ကာ ပရိသတ်တွေကို မက်ဆေ့ပေးလာတဲ့ အာနယ်ဆလော့

လီဗာပူးအသင်းဟာ အသင်းရဲ့နည်းပြချုပ် အာနယ် ဆလော့နဲ့ ပထမဆုံး အင်တာဗျူးကို ပြုလုပ်ကာ အသင်းပရိသတ်တွေနဲ့ မိတ်ဆက်ပေးမှု စတင်ခဲ့ပါပြီ။

အင်တာဗျူးမှာတော့ လီဗာပူးနည်းပြဖြစ်လာရခြင်းအတွက် အာနယ်ရဲ့ ခံစားချက်၊ ပြောင်းရွှေ့ဖြစ်ခဲ့ပုံ၊ ကလော့ပ်အပေါ် သူ့ရဲ့ အထင်ကြီးမှု စသဖြင့် မေးခွန်းတွေကို ပြန်လည် ဖြေဆိုပေးခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကို မက်ဆေ့ ပေးပို့ရာမှာ ” အပြောင်းအလဲတွေ ရှိပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာမှာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တူညီတဲ့ ကစားသမားတွေ ကျနော်တို့မှာ ရှိနေဆဲဖြစ်ပါတယ်။

ကျနော်တို့မှာ တူညီတဲ့ ပရိသတ်တွေရှိနေဆဲပါ။ ကစားသမားတွေကော ပရိသတ်တွေပါ ပါဝင်ကူညီပေးကြရင် ကျနော်အတွက်တော့ လီဗာပူးအသင်းကို နည်းပြရတဲ့ အလုပ်က ပိုပြီး လွယ်ကူမှာပါ။

လာမယ့်ရာသီမှာလည်း သူတို့တွေ ထပ်မံ အစွမ်းပြပေးဖို့ မျှော်လင့်နေပါတယ်။ ကစားသမားတွေလည်း အတူတူပါပဲ။ ဒီအသင်းကို အကောင်းဆုံး နည်းလမ်းနဲ့ ဦးဆောင်ဖို့ရာ ကျနော်ရဲ့ စိတ်အားထက်သန်မှုနဲ့ ခွန်အားတွေ အားလုံးကို အသုံးချမှာပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

အာနယ်ကတော့ ကလော့ပ်ကို ဘောလုံးပရိသတ်တွေအတွက် ပြိုင်ဆိုင်မှုသစ်ကို ဖော်ဆောင်ပေးခဲ့သူလို့ ချီးကျူးခဲ့ပြီး ဂျာမာန်သားကြီး ချန်ထားခဲ့တဲ့ အသင်းကို ဆက်ကိုင်ကာ ပရီးမီးယားလိဂ်မှာ ယှဉ်ပြိုင်ရမှာကို စိတ်လှုပ်ရှားမိကြောင်း ပြောလာပါတယ်။

အာနယ် ဆလော့က ” ကျနော်အသက် ၄၅ နှစ်ရှိနေပါပြီ။ ဘောလုံးပွဲတွေ ကြည့်လာတာလည်း နှစ်တွေ အရမ်းကို ကြာနေပါပြီ။ လူတိုင်းက ဘာစီလိုနာရဲ့ ဇာဗီ၊ အင်နီယေစတာ၊ မက်ဆီတို့နဲ့ ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်ကြား ပြိုင်ဆိုင်မှုကို ကြည့်ခဲ့ရတာပါ။

သူတို့ရဲ့ ပြိုင်ဆိုင်မှု အဆုံးသတ်မှာ ဥရောပအတွင်း နောက်ထပ် ပြိုင်ဆိုင်မှုအသစ် ပေါ်လာတာက ယာဂင်ကြောင့်ပါပဲ။ သူက လီဗာပူးကို ကိုင်တွယ်ခဲ့ပြီး ဂွာဒီယိုလာက မန်စီးတီးကို ကိုင်တွယ်ခဲ့တယ်။

ဘောလုံးကို ချစ်မြတ်နိုးသူတွေအတွက် နှစ်ဦးလုံးရဲ့ အသင်းတွေကို စောင့်ကြည့်ရတာဟာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ်လာခဲ့ပါတယ်။ လီဗာပူးပွဲတွေ အများကြီးကို ကျနော် ကြည့်ခဲ့သလို မန်စီးတီးပွဲတွေကိုလည်း ကြည့်ဖြစ်ခဲ့ပါတယ်။ ဥရောပမှာတော့ ပရီးမီးယားလိဂ်က စောင့်ကြည့်ဖို့ရာ အကောင်းဆုံး လိဂ်ပြိုင်ပွဲပါပဲ။

လီဗာပူးအသင်းမှာ ကလော့ပ်က သူမတူတဲ့ အလုပ်တွေကို ပြီးမြောက်ခဲ့တယ်။ သူ့ကို ပရိသတ်အဖြစ် အားပေးခဲ့ရတာ ဝမ်းမြောက်သလို အခုချိန်မှာ သူ့ရဲ့ ဆက်ခံသူ ဖြစ်လာခဲ့ပါပြီ။ ကလော့ပ်က အကောင်းဆုံး နည်းလမ်းတွေနဲ့ လီဗာပူးကနေ ထွက်ခွာသွားခဲ့တာပါ။

လီဗာပူးက သိပ်ကောင်းတဲ့အသင်းပါ၊ ပရိသတ်တွေကလည်း သိပ်ကောင်းပါတယ်။ ဒီတော့ ရှေ့ဆက်ရမှာတွေအတွက် ကျနော် စိတ်လှုပ်ရှားနေမိပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။