နည်းပြ အာနယ်နဲ့ အားကစာဒါရိုက်တာ ရစ်ချက်ဟုချ်တို့ တိုင်ပင်ပြီး နည်းပြအဖွဲ့ထဲ ထည့်သွင်းလိုက်သူ

လီဗာပူးအသင်းဟာ နည်းပြအာနယ် ဆလော့ရဲ့ နည်းပြအဖွဲ့အတွက် လူသစ် ၃ ဦးကို အင်အားဖြည့်တင်းကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန်လာပါတယ်။

ဗုဒ္ဓဟူးနေ့မှာပဲ လီဗာပူးပရိသတ်တွေကို မိတ်ဆက်သွားတဲ့ အာနယ်ဟာ ရာသီကြို ပြင်ဆင်မှုကို အကောင်းဆုံး လုပ်ဆောင်ဖို့ ပလန်တွေကို ချမှတ်နေကြောင်း အသိပေးလာပါတယ်။

အခုချိန်ထိ အာနယ်ရဲ့ နည်းပြအဖွဲ့ဝင်တွေ ဘယ်သူဖြစ်လာမလဲ အတိအကျ မသိရသေးပေမယ့် လူသစ် ၃ ဦးကိုတော့ အင်အားဖြည့်ခဲ့ပြီဖြစ်ပါတယ်။

အာနယ်ရဲ့ လက်ထောက်အဖြစ် တာဝန်ယူမယ့် Sipke Hulshoff နဲ့ စွမ်းဆောင်ရည်ဆိုင်ရာ နည်းပြ Ruben Peeters တို့ ၂ ဦးကလည်း ဖီယင်နုကနေ လီဗာပူးအသင်းကို လိုက်ပါလာကြပါမယ်။

ဒါ့အပြင် အက်ချ်တာဘတ်နဲ့ ရော်ဘတ်ဆန်တို့ ထွက်ခွာသွားတဲ့နောက် လှစ်လှပ်နေတဲ့ ဂိုးနည်းပြ နေရာအတွက်လည်း လီဗာပူးအသင်းက လူသစ် ရှာတွေ့သွားပါပြီ။ လက်ရှိ အမေရိကန်လက်ရွေးစင်အသင်းမှာ တာဝန်ယူနေတဲ့ ဖေဘီယန် အော့တေးဟာ ကိုပါအမေရိက ပြိုင်ပွဲအပြီး လီဗာပူးအသင်းနဲ့ ပူးပေါင်းပါမယ်။

အသက် ၃၃ နှစ်အရွယ် နည်းပြဟာ ယခင်က ဟော့ဖန်ဟိန်း၊ ဘန်လေတို့မှာ ဂိုးနည်းပြ တာဝန်ယူခဲ့ကာ နောက်ဆုံးအားဖြင့် မိုချန်ဂလတ်ဘတ်မှာ ဂိုးနည်းပြတာဝန် ယူခဲ့သူဖြစ်ပါတယ်။

အာနယ်က ပြောပြရာမှာ “ ဖေဘီယန်အကြောင်း အရင်ကတော့ မသိပါဘူး။ ရစ်ချက်ဟုချ် (အားကစားဒါရိုက်တာ) နဲ့အတူ ဖေဘီယန်ကို ဆွေးနွေးစကားပြောကြည့်တယ်။ အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်သူလို့ ထင်မြင်လို့ ကျနော်တို့ ခေါ်ယူခဲ့တာပါ။

လက်ရှိမှာ နည်းပြအဖွဲ့အတွင်း လူသစ် ၁ ဦး၊ ၂ ဦးလောက် ထပ်ဖြည့်စရာ ကျန်ရှိပါသေးတယ်။ ကျနော်တို့ ဒီကိစ္စအတွက်လည်း ဆွေးနွေးစကားပြောတာတွေ လုပ်နေပါတယ် ” လို့ဖြစ်ပါတယ်။

အော့တေးဟာ ဘရာဇီးလူမျိုး ဂိုးနည်းပြ တာဖာယ်နဲ့အတူ အလုပ်တွဲလုပ်ရမှာပါ။ ထပ်ခေါ်မယ့် နည်းပြ ၂ ဦးကတော့ တည်ကန်ဘောနည်းပြနဲ့ အာနယ်အတွက် နည်းစနစ်ပိုင်း စိစစ်သူတစ်ဦးတို့ဖြစ်မယ်လို့ သိထားရတာဖြစ်ပါတယ်။