ကိုပါမှာ မျက်နှာပန်းလှတဲ့ မာကာ၊ ယူရိုမှာ ဝေဖန်ခံနေရတဲ့ ထရန့်၊ ဒီယက်ဇ်အတွက် ချိတ်ဆက်မှု မရှိသေးခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူးသတင်းထောက် Ian Doyle ဟာ အရင်အပတ်ကပဲ အသင်းရဲ့ ဦးစားပေးက ကွင်းလယ်ခံစစ် မဟုတ်တော့ဘဲ ခံစစ်မှူးလို့ ပြောဆိုခဲ့ပါတယ်။

ယိုရိုကို ခေါ်ယူရေး အရေးမသာဖြစ်နေတဲ့နောက် ဗဟိုခံစစ်ကလည်း ဦးစားပေး မဟုတ်တော့ဘဲ အခြားနေရာတွေကို အားဖြည့်မှာပါလို့ ဒီအပတ်မှာ Ian Doyle က သတင်း ထုတ်ပြန်လာတာကြောင့် အသင်းပရိသတ်တွေက ပေါက်ကွဲနေပါတယ်။

ထရန့်ဟာ ဒိန်းမတ်ကို သရေကျတဲ့ပွဲမှာ တစ်သင်းလုံးမှာ အမြင့်ဆုံးအဖြစ် ဖန်တီးမှု ၃ ကြိမ် လုပ်ပေးခဲ့ပါတယ်။ ဒါပေမယ့် မနေ့ကပွဲအပြီး အင်္ဂလန်ကစားပုံ မကောင်းခြင်းကြောင့် ထရန့် တစ်ဦးတည်းအပေါ် ဝေဖန်မှုတွေက အတော်လေး များလာနေပါတယ်။

အာဂျင်တီးနားက ကနေဒါကို ၂-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ မာကာဟာ မိနစ် ၉၀ အပြည့် ပွဲကစားခဲ့သလို ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ပေးခဲ့ပါတယ်။

လီဗာပူးနဲ့ ဘာစီလိုနာကြားမှာ ဆက်သွယ်မှု လုံးဝ မရှိပါဘူး။ ဒီယက်ဇ်အတွက် ပြောင်းရွှေ့ကြေးကို လီဗာပူးဘက်က ပေါင် ၇၅ သိန်းထိ စျေးဖြတ်ထားဆဲ ဖြစ်ပါတယ်။

အာနယ် ဆလော့က အသင်းမှာ ပပ်လင်ဒါးရှိနေတာကြောင့် ယခင်တည်းက လီဗာပူးကို သူ မကြာခဏ လာလည်ခဲ့ဖူးပါတယ်လို့ ပြောပါတယ်။

လီဗာပူးနဲ့ အသံထွက်လာတဲ့ Riccardo Calafiori ဟာ အင်္ဂလန်ကို ပြောင်းလာဖို့ထက် အီတလီမှာပဲ ဆက်နေလိုပါတယ်။ ဂျူဗင်တပ်ဘက်က ယူရို ၂၅ သန်းဝန်းကျင်ဖြင့် သူ့ကို ကမ်းလှမ်းဖို့ ပြင်ဆင်နေကာ အဆိုပါ ပြောင်းရွှေ့ကြေးကို ဘိုလော့ညာဘက်က လက်ခံမှာ မဟုတ်ပါဘူး။

လူငယ်တောင်ပံသမား ဗန်ဒုတ်ဟာ ယူရို လူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရပေမယ့် ရာသီကြိုအတွက် စတင် ပြင်ဆင်နေပြီဖြစ်ပါတယ်။