

ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ကတော့ နယ်သာလန် တိုက်စစ်မှူး ဂက်ပိုကို သဘောကျနေပြီး အလုပ်လုပ်တဲ့ တိုက်စစ်သမားလို့ မှတ်ချက်ပေးလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရွေးစင်မှာတော့ သူ့ရဲ့ ပင်ကိုယ်နေရာဖြစ်တဲ့ ဘယ်တောင်ပံနေရာက ခြေစွမ်းပြနေသူပါ။ ပိုလန်ကို အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့သလို ပြင်သစ်နဲ့ သရေကျတဲ့ပွဲမှာလည်း နယ်သာလန်ရဲ့ အကြီးမားဆုံး ခြိမ်းခြောက်သူ ဖြစ်ခဲ့ပါတယ်။
ဖာဘရီဂတ်စ်က “ ပြင်သစ်နဲ့ပွဲမှာ သူကစားသွားတာ ကောင်းပါတယ်။ သူက ခြိမ်းခြောက်နိုင်စွမ်းရှိတယ်။ လီဗာပူးမှာ မြင်ထားရသလောက်လည်း သူက အလုပ်လုပ်တဲ့ ကစားသမားတစ်ယောက်ပဲ။
ဂက်ပိုက သူဘာလုပ်ရမယ်ဆိုတာကို အမြဲ တောက်လျှောက် သတိပေးဖို့လိုတဲ့ ကစားသမားမျိုးလို့ ကျနော် မြင်တယ်။ သူ့မှာ အရည်အချင်းကောင်းတွေ ရှိပါတယ်။
သူက ဖန်တီးမှု သိပ်ကောင်းတဲ့ ကစားသမား မဟုတ်ပေမယ့် အန္တရာယ်ပေးနိုင်စွမ်းမြင့်တယ်၊ ဂိုးတွေကို မြင်နိုင်စွမ်းရှိတယ်၊ ကောင်းမွန်တဲ့ လှုပ်ရှားမှုနဲ့ တိုက်စစ် နေရာလွတ်တွေကို အသုံးချနိုင်တယ်၊ တစ်ဦးချင်း အားထုတ်မှုမြင့်မားပါတယ်။ ယူရိုမှာ သူ အတော်လေး တိုးတက်လာတာ မြင်ရပါတယ်။
နောက်ဆုံးပွဲမှာ သူ သွင်းဂိုး ၁ ဂိုး၊ ၂ ဂိုးလောက်ကိုလည်း သွင်းနိုင်ခဲ့သင့်တာပါ။ ဂိုးတွေသွင်းဖို့ကလည်း အဆုံးသတ်ပိုင်း ကံကောင်းဖို့လည်း လိုပါတယ်။ သူက နယ်သာလန်အသင်းအတွက် အဓိက ကစားသမားဖြစ်လာသင့်သူပါ ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဂက်ပိုကို တောက်လျှောက် သတိပေးနေရမယ်ဆိုတာက မကောင်းမြင်တာမျိုးထက်စာရင် မန်နေဂျာရဲ့ ညွှန်ကြားချက်တွေကို လိုက်နာ လုပ်ဆောင်နိုင်တယ်လို့ ဆိုလိုတာမျိုး ဖြစ်ဟန်ရှိပါတယ်။
ဂက်ပိုဟာ လီဗာပူးအတွက် နေရာစုံမှာ ကစားပေးခဲ့သူဖြစ်ကာ လာမယ့်ရာသီ နည်းပြသစ် လက်အောက်မှာတော့ ဘယ်တောင်ပံ နေရာကို ပြန်ယူနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။