ရာဖင်ညာ၊ လူးဝစ် ဒီယက်စ်၊ နီကိုး ဝီလီယမ်တို့ ဆက်နွယ်နေတဲ့ အပြောင်းအရွှေ့ ဇာတ်လမ်း

ဒီနွေအပြောင်းအရွှေ့မှာ လီဗာပူး တိုက်စစ်သမား လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်မှု အရှိဆုံးက ဘာစီလိုနာဖြစ်ကြောင်း စပိန်နဲ့ တောင်အမေရိက သတင်းထောက်တွေက ဖော်ပြနေပါတယ်။

LFCThaDin ဖတ်ရှုသူတွေ အနေနဲ့လည်း လီဗာပူးအသင်းဟာ ဒီယက်ဇ်အတွက် ကမ်းလှမ်းမှုတွေကို ပိတ်ပင်သွားမှာ မဟုတ်သလို ကစားသမားဘက်က အသင်းပြောင်းလိုရင်လည်း တားဆီးမှာ မဟုတ်ကြောင်း ကျနော်တို့ မကြာခဏ ဖော်ပြခဲ့တာကြောင့် သိသင့်သလောက် သိထားကြမှာပါ။

လီဗာပူးအသင်းဟာ ဒီယက်ဇ်ကို အသင်းမှာ ဆက်ထိန်းထားလိုစိတ်တော့ ရှိနေကာ ဆာကာ၊ ထရန့်၊ ဗန်ဒိုက်တို့ကို စာချုပ်သစ်ပေးရေး ဦးစားပေးမှာဖြစ်လို့ ၂၀၂၇ ခုနှစ်ထိ စာချုပ်ရှိထားတဲ့ ကိုလံဘီယာသားအတွက်တော့ လက်တလော လုပ်ခတိုးမြင့်ပေးတဲ့ ကမ်းလှမ်းမှု ပေးဦးမှာ မဟုတ်ပါဘူး။

ဒီယက်ဇ်အတွက် အသင်းဘက်က သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင် ၇၅ သန်းဖြစ်ပြီး ဒီပမာဏကို ဘာစီလိုနာဘက်က ပေးချေနိုင်စွမ်း မရှိပါဘူး။

လာလီဂါကလပ်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်က တိုက်စစ်သမား ရာဖင်ညာကို ဆော်ဒီလိဂ်ထံ ယူရို သန်း ၁၀၀ ဖြင့် ရောင်းချရေး ဖြစ်ပါတယ်။ အပြောင်းအရွှေ့ ဖြစ်မြောက်ခဲ့ရင် ဒီယက်ဇ်နဲ့ နီကိုး ဝီလီယမ်တို့ထဲက တစ်ဦးကို ပြန်ခေါ်လိုကာ ဒီယက်ဇ်ကို ဦးစားပေးအဖြစ် ရွေးချယ်ထားပါတယ်။

အသင်းဘက်ကလည်း ဆာလာနဲ့တကွ တိုက်စစ်သမား ၅ ဦးလုံးကိုတော့ ပျော်အောင် ထားနိုင်မှာ မဟုတ်လို့ တစ်ဦးဦးကို ရောင်းထုတ်ပေးရရင် အစားထိုးဖို့ လူကြိုရှာထားပါတယ်။ အဲ့ထဲမှာ ဘီဘာအိုကနေ ပေါင် ၄၉ သန်းဖြင့် ခေါ်ယူလို့ရမယ့် နီကိုး ဝီလီယမ်လည်း ပါဝင်နေပါတယ်။

အသင်းဘက်က တောင်ပံမှာ ကစားနိုင်စွမ်းရှိသူ တစ်ဦးကို အားဖြည့်လိုကာ ဒီနွေမှာ အသင်း သဘောကျကြောင်း သတင်းထွက်သူတွေဟာ ညာခြမ်း တောင်ပံတိုက်စစ် ကစားဖို့ အားသန်သူတွေဖြစ်ကြတာမို့ ဆာလာနေရာ ရေရှည် ဖြည့်တင်းနိုင်ဖို့ပါ ရည်ရွယ်ဟန် ရှိပါတယ်။

လီဗာပူးအသင်းဟာ ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ်၊ တိုက်စစ်နဲ့ ဂိုးသမားနေရာစုံမှာ အားဖြည့်ဖို့လိုနေပေမယ့် ဘယ်နေရာကို ဦးစားပေးမလဲ အခုချိန်ထိ မသိရသေးပါဘူး။

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဘဏ္ဍာရေးစည်းမျဉ်းတွေကြောင့် လီဗာပူးအသင်းဟာ အရောင်းမရှိဘဲ လူသစ် ခေါ်ယူရေးမှာ ကြီးကြီးမားမား ရင်းနှီးမြုပ်နှံနိုင်မှာ မဟုတ်တာကြောင့် အကယ်ဒမီ ကြယ်ပွင့်တွေကနေ အရောင်းစထုတ်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။