လီဗာပူးကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် စိတ်ပူနေရကြောင်း ဝန်ခံတဲ့ နယူးကာဆယ် တိုက်စစ်မှူး ဝဲလ်ဆန်

နယူးကာဆယ် တိုက်စစ်မှူး ကော်လမ် ဝဲလ်ဆန်က ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ပတ်သက်ပြီး လီဗာပူးရဲ့ တိုးတက်လာမှုကို စိုးရိမ်မိတယ်လို့ ဝန်ခံစကား ပြောဆိုလာပါတယ်။

လီဗာပူးအသင်းဟာ ၆ ပွဲဆက် အမှတ်ပေးပွဲ နိုင်ပွဲကြောင့် ရာသီမသိမ်ခင်မှာ ထိပ်ဆုံး ၄ သင်း နေရာကို စိန်ခေါ်နိုင်မလား စိတ်လှုပ်ရှားစရာတွေ ဖြစ်လာနေပါတယ်။ အဆင့် ၃ နဲ့ အဆင့် ၄ နေရာက အသင်းတွေဟာ ချန်ပီယံလိဂ်ဝင်ခွင့် အာမခံချက် မရှိသေးတာနဲ့အတူ စိုးရိမ်လာနေကြပါပြီ။

လီဗာပူးရဲ့ ရလဒ်တွေကြောင့် ဖိအားတွေ ခံစားမိလာနေပြီး အရင်အပတ်တွေတုန်းက ပျော်ထားတာတွေ ပျောက်ဆုံးလုနေကြောင်းကို နယူးကာဆယ် တိုက်စစ်မှူးက ဝန်ခံခဲ့ပါတယ်။

“ လီဗာပူးအသင်းက စိတ်သက်သက်သာသာ ရှိနေဖို့ လိုမှာပါ။ အရင်နှစ်ပတ်လောက်တုန်းက ကျနော်တော့ ချန်ပီယံလိဂ်အနံ့ ရနေပြီလို့ ပြောခဲ့ပါတယ်။ အခုတော့ အဲ့အနံ့တွေလည်း ပျောက်ကုန်ပါပြီ။

ဘယ်နေရာကို ရောက်ကုန်တယ် မသိပေမယ့် ကျနော်တို့ရဲ့ ခံစားချက်တွေ ရှာမတွေ့တော့ပါဘူး။ အာဆင်နယ်ကို ၂-၀ နဲ့ ရှုံးပြီးတဲ့နောက် ကျနော်တို့ အဝေးကြီး သွားရဦးမှာပါလား ဆိုတာကို ခံစားမိခဲ့ပါတယ်။

ကျနော်တို့ လိစ်ဒ်၊ လက်စတာတို့နဲ့ ကစားရဦးမယ်၊ သူတို့ နှစ်သင်းလုံးက တန်းဆင်းဇုန် ရုန်းအား ရှိနေတာပါ။ နောက်ဆုံး ၄ ပွဲမှာ ကျနော်တို့ ၃ ပွဲနိုင်ဖို့ လိုနေပါတယ် ” လို့ ဝဲလ်ဆန်က ပြောခဲ့ပါတယ်။

ဒီအပတ်မှာ နယူးကာဆယ်က လိဒ်စ်ယူနိုက်တက်ကို ရင်ဆိုင်ရမှာဖြစ်ပြီး လီဗာပူးကတော့ လက်စတာနဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။