ကစားသမား ၄ ဦး ရောင်းထုတ်မှုကနေ ပေါင် ၈၃ သန်း ရဖို့ မျှော်လင့်ထားတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမား ခေါ်ယူမှုတွေ မစတင်သေးသလို ကစားသမား ရောင်းချမှုတွေလည်း မရှိသေးဘဲ လူစာရင်း စုဖွဲ့မှုအတွက် ကြိုတင် လုပ်ဆောင်ရမယ့် ပလန်တွေကိုပဲ စီစဉ်နေပါတယ်။

ရာသီသစ်အတွက် ပထမဆုံးသော အပြောင်းအရွှေ့ကတော့ ညာအစွန်လူ ကယ်ဗင်ရမ်ဆေးကို အငှားချခဲ့ခြင်းပဲဖြစ်တယ်။ ရမ်ဆေးဟာ လိဂ်ဝမ်းကလပ် ဝီဂန်အသင်းထံ တစ်ရာသီအငှားနဲ့ တရားဝင် ရောက်ရှိသွားပါပြီ။

ရာသီသစ်မှာ နည်းပြသစ် အာနယ် ဆလော့နဲ့ စတင်ရမှာဖြစ်ပေမယ့် လီဗာပူးအသင်းက ခေါ်ယူမှု များများစားစားဖြင့် ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်မှာတော့ မဟုတ်ပါဘူး။ အဲ့အစား အဓိက အစုအဖွဲ့ကို ဆက်ထိန်းပြီး ဗဟိုခံစစ်နဲ့ ကွင်းလယ်ကို အားဖြည့်တာတော့ ပြုလုပ်မှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ နွေအသုံးစရိတ်ဟာ ပေါင် ၁၅၀-၂၀၀ သန်း ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းထားရကာ လူငယ်အချို့ကို ရောင်းချကာ အပြောင်းအရွှေ့အတွက် ငွေဖော်ဖို့လည်း စီစဉ်ထားပါတယ်။

ဒီနွေမှာ အသင်းက ထွက်နိုင်တဲ့ စျေးအကြီးဆုံး ကစားသမားက ၂၅ နှစ်သား ဂိုးသမား ကလယ်ဟာဖြစ်ပါတယ်။ နော်တင်ဟမ် ဖောရက်စ်က အလိုရှိနေတဲ့ ကလယ်ဟာကို လီဗာပူးဘက်က ပေါင် ၃၅ သန်း စျေးသတ်မှတ်ပေးထားပါတယ်။

ဂျာမနီ၊ အီတလီနဲ့ အင်္ဂလန်ကလပ် အများစုက စိတ်ဝင်စားနေတဲ့ အသက် ၂၂ နှစ်သား ခံစစ်မှူး ဗန်ဒန်ဘတ်ကိုလည်း ဒီနွေမှာ ရောင်းထုတ်သွားဖို့ရှိကာ ပေါင် သန်း ၂၀ စျေးခေါ်ထားပါတယ်။

ဒီရက်ပိုင်းမှာ ၂၁ နှစ်အရွယ် ကွင်းလယ်လူ တေလာ မော်တန်ကို ခေါ်ယူဖို့ လိုက်ဇစ် အပြင် ဆီးဗီးလာ၊ ဖီယင်နု၊ ဖရန့်ဖတ်၊ ဘုန်းမောက်၊ ဆောက်သမ်တန်၊ အစ်ဝစ်ချ်၊ အတ္တလန်တာတို့က စိတ်ဝင်စားမှု ပြသလာတယ်။ သူ့အတွက်လည်း လီဗာပူးဘက်က ပေါင် သန်း ၂၀ စျေးခေါ်ထားပါတယ်။

အသင်းနဲ့ စာချုပ်အများကြီး မကျန်တော့တဲ့ အသက် ၂၇ နှစ်အရွယ် နက်ဖီးလစ်အတွက်တော့ ပေါင် ၈ သန်း စျေးသတ်မှတ်ထားတာပါ။

လီဗာပူး လူငယ်တွေဖြစ်တဲ့ ကာဗာရို၊ ဘော်ဘီကလက်၊ လုခ်ချမ်ဘားတို့ကိုလည်း ကလပ်အချို့က စိတ်ဝင်စားမှု ပြသထားပေမယ့် သူတို့ကိုတော့ ရာသီကြိုမှာ နည်းပြအာနယ်ထံ ခြေစွမ်း စမ်းသပ်မှု ခံယူခိုင်းမယ်လို့ သိရပါတယ်။