ဥရောပကလပ် ၁၀ သင်းလောက်က အလိုရှိနေပေမယ့် အာနယ် အကဲဖြတ်ပေးတာ စောင့်ရမယ့် လီဗာပူး ကြယ်ပွင့် ၂ ဦး

လီဗာပူး လူငယ်ကြယ်ပွင့် ဘော်ဘီကလက်ကို ပပ်လင်ဒါးရဲ့ အသင်းသစ် ဆဲလ်ဘတ်အသင်းက ခေါ်ယူလိုနေသလို အင်္ဂလန်ပြည်တွင်းကလပ်တွေကလည်း စိတ်ဝင်စားမှု ပြသနေပါတယ်။

မနှစ်ကရာသီ ပထမအသင်းမှာ ၁၂ ပွဲ ကစားခွင့်ရခဲ့ကာ ပွဲထွက်ကနေ ၃ ပွဲ ကစားခဲ့တဲ့ ဘော်ဘီကလက်ကို တစ်ရာသီ အငှားဖြင့် ခေါ်ယူလိုတဲ့ ကလပ်တွေ များပြားနေပါတယ်။ အသက် ၁၉ နှစ်အရွယ် ကလက်ရဲ့ အနာဂတ်ဟာ နည်းပြအာနယ်ရဲ့ အကဲဖြတ်မှုအပေါ် မူတည်နေတာပါ။

ကလက်ကို စိတ်ဝင်စားမှု အပြသဆုံး ကလပ် ၃ သင်းက နော်ဝစ်ချ်၊ ဆဲလ်ဘတ်နဲ့ လိုက်ဇစ်တို့ဖြစ်တယ်လို့ သိထားရကာ ဒါဘီနဲ့ ဘလက်ဘန်းတို့ရဲ့ ချဉ်းကပ်မှုတွေလည်း ရှိနေပါတယ်။

၎င်းအပြင် မနှစ်က ရာသီဝက်မှာ ဟူးစီးတီထံ အငှားထွက်ပြီး တောက်ပခဲ့တဲ့ ကာဗာရိုကိုလည်း အင်္ဂလန်၊ ဂျာမနီ၊ ပြင်သစ်၊ စပိန်နဲ့ နယ်သာလန် ၅ နိုင်ငံမှ အနည်းဆုံး ကလပ် ၅ သင်း ကစိတ်ဝင်စားနေတယ်လို့ သတင်းထောက် Steele က ဆိုပါတယ်။

ကာဗာရိုကို ခေါ်ယူလိုတဲ့ ကလပ်တွေထဲမှာ အများစုက ဥရောပပြိုင်ပွဲ ကစားခွင့်ရထားတဲ့ အသင်းတွေလို့လည်း သိထားရတယ်။ ဒါပေမယ့် လီဗာပူးဘက်က သူ့ရဲ့ အနာဂတ်ကို မလောသေးပါဘူး။

လီဗာပူးအသင်းဟာ ကာဗာရို၊ ဘော်ဘီကလက်အပြင် တေလာမော်တန်၊ ဟာဗေး၊ ကာတစ်ဂျုံး၊ ဗန်ဒန်ဘတ်တို့လို လူငယ်တွေနဲ့ ဆာလာ၊ ကိုစတက်တို့ ပါဝင်တဲ့ စီနီယာကစားသမားတွေကို အက်ဆာမှာ လေ့ကျင့်ရေး ပြန်ဝင်စေဖို့ စီစဉ်ထားပါတယ်။

ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲဝင် ကစားသမားတွေ ရောက်မလာခင် ဆာလာတို့နဲ့ အဆိုပါ လူငယ်တွေရဲ့ ခြေစွမ်းတွေကို စောင့်ကြည့်ပြီးမှ အသင်းမှာ ဆက်ထားဖို့အပြင် ရောင်းထုတ်ရေးနဲ့ အငှားချရေးတွေကို ဆက်လက် စီစဉ်ဖို့ လျာထားတယ်လို့ သိရပါတယ်။