

အင်္ဂလန်ဘောလုံးလောကရဲ့ နွေအပြောင်းအရွှေ့ စျေးကွက်က ဖွင့်နေပြီဖြစ်ကာ ချယ်ဆီး၊ အက်စတွန်ဗီလာ အပြင် ကလပ်အချို့က လူသစ် ခေါ်ယူမှုတွေ စတင်နေပါပြီ။
အခုချိန်ထိတော့ လီဗာပူးအသင်းဟာ ကစားသမားအချို့ကို စိတ်ဝင်စားကြောင်း သတင်းထွက်နေတာကလွဲလို့ တရားဝင် လှုပ်ရှားမှုတွေ မရှိသေးပါဘူး။ ဒီလို စောင့်ဆိုင်းနေတာကလည်း လီဗာပူး တစ်သင်းတည်း မဟုတ်ပါဘူး။
လက်ရှိမှာ ကိုပါအမေရိက ပြိုင်ပွဲနဲ့ ယူရို ပြိုင်ပွဲတွေ ယှဉ်ပြိုင်နေဆဲဖြစ်ကာ ကလပ် အများအပြားက စျေးကွက်ထဲကို မဝင်သေးဘဲ အခြေအနေ စောင့်ကြည့်နေပါတယ်။ လီဗာပူးကလည်း အဲ့လို အသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။
ရိုမန်နို အပါအဝင် အပြောင်းအရွှေ့ သတင်းထောက်တွေကတော့ ” လီဗာပူးအသင်းဟာ ယူရိုပြိုင်ပွဲ အပြီးသတ်တဲ့ထိ စောင့်ဆိုင်းမှာဖြစ်ပြီး အလားအလာရှိတဲ့ အပြောင်းအရွှေ့ ဖြစ်နိုင်ချေတွေကို စောင့်ကြည့်နေပါတယ် ” လို့ ဖော်ပြခဲ့ပါတယ်။
လီဗာပူးအသင်းနဲ့ နီးစပ်သူတွေထံက သိရသလောက်ဆိုရင် အသင်းဟာ လာမယ့်ရာသီ နည်းပြ အာနယ် ဆလော့ သုံးနိုင်မယ့် လူစာရင်း တစ်ခုကို အရင်ဆုံး သိလိုနေပါတယ်။ အဲ့စာရင်းထဲမှာ အားနည်းနေတဲ့ နေရာကို ဦးစားပေးအဖြစ် အင်အားဖြည့်တင်းဖို့ လျာထားပါတယ်။
ဒီအချိန်အတွင်းမှာ လူငယ် ကစားသမားတွေကို ရောင်းထုတ်ပြီး အသုံးစရိတ် ကြိုတင် ရှာဖွေခြင်းမျိုးကိုလည်း ပြုလုပ်ထားလိုတယ်။ ဒါပေမယ့် ငွေကြေးရဖို့ ကစားသမား အရောင်းကို ဦးစားပေးတာထက် နည်းပြ အာနယ် ဆလော့ထံ ခြေစွမ်း အရင် စမ်းသပ်ခံဖို့မျိုးကို အသင်းဘက်က ရွေးချယ်မှာဖြစ်ပါတယ်။
လီဗာပူးအသင်းက ဂျူလိုင်လ ၃၁ ရက်နေ့မှာ စတင်မယ့် အမေရိကန် ရာသီကြို မတိုင်ခင် လူရောင်းချမှုနဲ့ လူသစ် ခေါ်ယူမှုတွေကို လုပ်ဆောင်လိုပြီး အဲ့အတွက် ကြိုတင် ပြင်ဆင်မှုတွေကိုတော့ လုပ်ဆောင်နေပြီလို့ သိရတာဖြစ်ပါတယ်။