

လီဗာပူးအသင်းမှာ ခြေစွမ်း မတည်ငြိမ်ခြင်းကြောင့် ဝေဖန်ခံရမှုတွေ ရှိထားတဲ့ ဒါဝင် နူးညက်စ်ဟာ လက်ရွေးစင်အသင်းမှာ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်တွေ ပြသနေပါတယ်။
၂၀၂၂ မှာ လီဗာပူးအသင်းကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၆၄ သန်းဖြင့် ရောက်လာခဲ့တဲ့ ဒါဝင်ဟာ ပြိုင်ပွဲစုံ ပွဲပေါင်း ၉၆ ပွဲ ကစားထားကာ သွင်းဂိုး ၅၀ အတွက် ပါဝင်ပေးထားသူဖြစ်ပါတယ်။
သွင်းဂိုးတွေမှာ ပါဝင် ကူညီနိုင်စွမ်း မြင့်မားပေမယ့် သူ့ရဲ့ အခွင့်အရေး ဖြုန်းတီးမှုတွေကြောင့် ထိုက်သင့်သလောက် ချီးကျူးမှုတွေ မရထားပါဘူး။ လက်ရွေးစင်အသင်းမှာတော့ ဒါဝင်က လီဗာပူးမှာထက် ပိုမို စွမ်းဆောင်နိုင်နေပါတယ်။
ကိုပါအမေရိကမှာ ဥရုဂွေးအသင်းအတွက် ခြေစွမ်းပြနေတဲ့ ဒါဝင်ဟာ နောက်ဆုံး ကစားထားတဲ့ လက်ရွေးစင်ပွဲ ၇ ပွဲဆက်တိုက် ဂိုးသွင်းထားပါတယ်။ ဒါမျိုးကို ကာဗာနီနဲ့ လူးဝစ် ဆွာရက်ဇ်တို့တောင် မလုပ်ထားနိုင်ခဲ့ပါဘူး။
ဥရုဂွေးဘောလုံးသမိုင်းမှာ တူညီတဲ့ ဂိုးသွင်းမှုမျိုးကို နောက်ဆုံး လုပ်ထားနိုင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ဝန်းကျင်လောက်က ဥရုဂွေး ဂန္တဝင်ကြီး Héctor Scarone ဖြစ်ပြီး ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်ကာ စံချိန်တင်ထားခဲ့တာပါ။
Héctor Scarone နဲ့ စံချိန်တူနေတဲ့ ဒါဝင်ဟာ လာမယ့်အပတ် အမေရိကန်နဲ့ပွဲမှာ ဂိုးထပ်သွင်းမယ်ဆိုရင် ၈ ပွဲဆက် ဂိုးသွင်းမှုနဲ့အတူ ဥရုဂွေးအသင်းရဲ့ နှစ်ပေါင်း ၁၀၀ စံချိန်ကြီးကို ချိုးဖျက်နိုင်တော့မှာ ဖြစ်ပါတယ်။
ဥရုဂွေးအသင်းဟာ ဒီရာသီ ကိုပါအမေရိကမှာတော့ အာဂျင်တီးနား၊ ဘရာဇီးနည်းတူ ချန်ပီယံဖြစ်ဖို့ ရေပန်းစားအသင်းဖြစ်နေကာ ဒါဝင်ရဲ့ သွင်းဂိုးတွေက လက်ရွေးစင်အသင်းရဲ့ ဆုဖလား မျှော်လင့်ချက်ကို အားဖြည့်ပေးနေတာပဲ ဖြစ်ပါတယ်။