NEWS: လီဗာပူးနဲ့ နယူးကာဆယ်ကြား ဂေါ်ဒန် အပြောင်းအရွှေ့အတွက် စကားပြော

လီဗာပူးအသင်းဟာ တိုက်စစ်မှူး ဂေါ်ဒန်ရဲ့ အပြောင်းအရွှေ့ ကိစ္စအတွက် နယူးကာဆယ်အသင်းနဲ့ စကားပြောမှု လုပ်ခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီအပြောင်းအရွှေ့ ကိစ္စမှာ နယူးကာဆယ်ဘက်က စတင် ကမ်းလှမ်းခြင်းလို့ နားလည်ထားရပါတယ်။

နယူးကာဆယ်အသင်းဟာ ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင် ဘဏ္ဍာရေးပိုင်း အဆင်ပြေရေးအတွက် သူတို့အသင်း ကြယ်ပွင့် ၁ ဦးကို ရောင်းချရဖို့ ရှိနေတာပါ။ အကယ်လို့ စည်းမျဉ်း ကိုက်ညီအောင် မလုပ်နိုင်ရင် လာမယ့် ဘောလုံးရာသီမှာ နယူးကာဆယ်အသင်းက အမှတ်လျော့ခံရမှာ ဖြစ်ပါတယ်။

လီဗာပူးက ဂေါ်ဒန်ကို သဘောကျနေတာကြောင့် ဒီအပတ်ထဲ စကားပြောမှု လုပ်ခဲ့ကြခြင်းဖြစ်ကာ နယူးကာဆယ်ဘက်က အပြောင်းအရွှေ့မှာ ကွမ်းဆက်ကို ပြန်ခေါ်ယူခွင့်ပေးဖို့ တောင်းဆိုခဲ့တာက အဆင်မပြေဖြစ်စေခဲ့ပါတယ်။

လီဗာပူးဘက်က တောင်ပံပိုင်းကို အင်အားဖြည့်ဖို့ ရွေးချယ်ထားပေမယ့် အနာဂတ်မှာ အင်္ဂလန်လက်ရွေးစင် ဖြစ်လာနိုင်တဲ့ ကွမ်းဆက်ကို ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပါဘူး။

လီဗာပူးပရိသတ်တစ်ဦးဖြစ်သလို မာဆေးဆိုဒ်ဖွားလည်းဖြစ်တဲ့ အသက် ၂၃ နှစ်အရွယ် ဂေါ်ဒန်ကိစ္စ နှစ်သင်းကြား စကားပြောမှု အဆင်မပြေခဲ့ပေမယ့် ဒီအပတ် မကုန်ခင် ညိနှိုင်းမှုတွေ ပြန်စတင်လာဖို့ ရှိနေပါတယ်။

ယူရိုမှာ အင်္ဂလန်နဲ့အတူ သွားရောက် ယှဉ်ပြိုင်နေတဲ့ ဂေါ်ဒန်ကတော့ အပြောင်းအရွှေ့ အဆင်ပြေရင် လိုက်ဇစ်မှာ ဆေးစစ်ဖို့ အဆင်သင့်ရှိနေပါတယ်။