အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နို ဖော်ပြလာတဲ့ လီဗာပူးရဲ့ ကွင်းလယ် စုဖွဲ့မှုဆိုင်ရာ ပလန်

အခုဖော်ပြမှာကတော့ အသင်းသတင်းထောက် မဟုတ်ပေမယ့် အပြောင်းအရွှေ့မှာ ဩဇာကြီးမားတဲ့ Fabrizio Romano လို သတင်းထောက်က လီဗာပူးရဲ့ ပလန်ကို ဖော်ပြလာမှုဖြစ်ပါတယ်။

ရိုမန်နိုက ” နွေအပြောင်းအရွှေ့မှာ လီဗာပူး စောင့်ကြည့်နေတဲ့ ကွင်းလယ်လူ များစွာထဲမှာ မက်စရုးစ် နူးနက်စ်ကလည်း တစ်ဦး အပါအဝင်ဖြစ်ပါတယ်။ အရင် သီတင်းပတ်တွေလောက်မှာ သိလာရတာက မေဆန်မောင့်ဟာ သူတို့ စာရင်းမှာ ပါဝင်ထားတဲ့ နောက်ထပ် ကွင်းလယ်လူ ဖြစ်ပါတယ်။

နာဘီ ကိတ်တာနဲ့ ချိန်ဘာလိန်တို့ဟာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် နှစ်ဦးလုံး ထွက်ခွာတော့မှာဖြစ်လို့ လီဗာပူးအသင်းဟာ ကွင်းလယ်ကို ပြန်လည် စုဖွဲ့မှု ပြုလုပ်ပါလိမ့်မယ် ” လို့ ဖော်ပြသွားပါတယ်။

ဒီတလောမှာ လီဗာပူးအသင်းနဲ့ အသင်းသတင်းထောက်တွေကြား ဆက်ဆံရေး အဆင်မပြေတာတွေ ရှိခဲ့ပါတယ်။ အဓိက ထိပ်တိုက်တွေ့တာကတော့ အပြောင်းအရွှေ့ ကိစ္စတွေ နောက်ပြီး နည်းပြအဖွဲ့ရဲ့ အတွင်းရေးတွေကို ဖော်ထုတ်မှုကြောင့်ပါ။

ဥပမာပေးရရင် အသင်းသတင်းထောက်တွေက ကွင်းလယ်လူ ခေါ်ယူဖို့ ဖိအားပေးလွန်းတာ၊ နောက်တစ်ခုက ကလော့ပ်ရဲ့ နည်းပြအဖွဲ့ဟာ တောင်းဆိုမှု အရမ်းကြီးလို့ ဆေးအဖွဲ့အပေါ် ဩဇာလွှမ်းလွန်းကြောင်း ဝေဖန်စာကို သတင်းထောက်တွေက လူသိထင်ရှား ရေးသားခြင်းတွေကြောင့် ဖြစ်ပါတယ်။

အဲ့လို ဖြစ်ရပ်တွေကြောင့် အသင်းသတင်းထောက်တွေဟာ အပြောင်းအရွှေ့ သတင်းထူးတွေကို အသင်းထံက သိပ်မရတော့ပါဘူး။ ဒီနောက်ပိုင်းမှာတော့ ကလော့ပ်နဲ့ ဂျိမ်းပီယာဇ့်တို့ သီးသန့် တွေ့ဆုံခြင်းနဲ့အတူ သူတို့ကြား အဆင်မပြေမှုကို အဆုံးသတ်ထားပါတယ်။