အခက်အခဲ ဖြေရှင်းဖို့ လီဗာပူးကို ဆက်သွယ်ခဲ့မိရာက ကစားသမား ဆက်မထိန်းနိုင်မှာ စိုးရိမ်နေရတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ အကျိုးအမြတ်နဲ့ ဟန်ချက်ညီမှုဆိုင်ရာ စည်းမျဉ်း (PSR) ဘောင်ထဲမှာဝင်နေကြောင်း သက်သေပြနိုင်ရေး လီဗာပူးကို သွေးဆောင်နိုင်ဖို့ ကြိုးစားရာကနေ သူတို့ ကစားသမား ဂေါ်ဒန်ကို ဆက်ထိန်းနိုင်ဖို့ ရုန်းကန်လာရပါတယ်။

ဒီနွေမှာ ပေါင် သန်း ၁၀၀ လောက် ငွေသားလိုအပ်တဲ့ နယူးကာဆယ်ဟာ မနှစ်ကရာသီ ဖီယင်နုအသင်းထံ အငှားထွက်ခဲ့ကာ အာနယ် ဆလော့ လက်အောက်မှာ တောက်ပခဲ့တဲ့ မင်တက်ကို ခေါ်ယူနိုင်ကြောင်း လီဗာပူးကို ချိတ်ဆက်ခဲ့ပါတယ်။ လီဗာပူးဘက်ကတော့ စိတ်မဝင်စားခဲ့ပါဘူး။

ဇွန်လ ၃၀ ရက်နေ့ မတိုင်ခင် ငွေသားလိုအပ်ချက်ရှိတဲ့ နယူးကာဆယ်က ဒုတိယ အကြိမ်အဖြစ် ဘယ်တောင်ပံသမား ဂေါ်ဒန်ကို ခေါ်ယူနိုင်ကြောင်းလည်း လီဗာပူးကို ချိတ်ဆက်ခဲ့ရင်း အလဲအထပ်အဖြစ် သူတို့ရဲ့ ညာခြမ်းခံစစ် လိုအပ်ချက်ကို ပြန်ဖြည့်တင်းဖို့ ကွမ်းဆက်ကို ပြန်ရလိုခဲ့ပါတယ်။

နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုဟာ သူတို့အသင်း အသာစီးရဖို့ပဲ ရွေးချယ်လာတဲ့ နည်းလမ်းအဖြစ် တွက်ဆမိတဲ့ လီဗာပူးက ဂေါ်ဒန်ကို ခေါ်ယူဖို့ကို ငြင်းဆန်ခဲ့သလို ကွမ်းဆက်ကိုလည်း မရောင်းပေးနိုင်ဘူး တုန့်ပြန်ခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့မတိုင်ခင် PSR ကိစ္စ ဖြေရှင်းနိုင်ဖို့ နယူးကာဆယ် အသင်းဟာ မင်တက်ကို လိုင်ယွန်ထံ ပေါင် သန်း ၄၀ ဖြင့် ရောင်းထုတ်ခဲ့သလို လူငယ်ကြယ်ပွင့် အန်ဒါဆန်ကိုလည်း ဘရိုက်တန်ထံ ပေါင် ၃၅ သန်းဖြင့် ရောင်းချခဲ့တယ်။ ဒါ့အပြင် အားကစားဒါရိုက်တာ Dan Ashworth ကိုလည်း ယူနိုက်တက်ထံ ပေါင် သန်း ၂၀ ဖြင့် ပြောင်းခွင့်ပြုခဲ့ပါတယ်။

အဆိုပါ အပြောင်းအရွှေ့တွေနဲ့အတူ ဇူလိုင်လ ၁ ရက်နေ့ အမှီ ဘဏ္ဍာရေးပိုင်း ဖြေရှင်းနိုင်ခဲ့ပေမယ့် ဂေါ်ဒန်ကို လီဗာပူး ခေါ်ယူနိုင်ကြောင်း ကမ်းလှမ်းမှုဟာ မာဆေးဆိုဒ်သား တိုက်စစ်သမားကို မျှော်လင့်ချက် သွားပေးသလို ဖြစ်ခဲ့ကြောင်း The Athletic ရဲ့ နယူးကာဆယ် သတင်းထောက် Chris Waugh က ဝန်ခံလာခဲ့ပါတယ်။

နယူးကာဆယ်အသင်း ငွေကြေးပိုင်း အဆင်ပြေခဲ့ပြီဖြစ်ပေမယ့် လီဗာပူးမြို့ဖွားဖြစ်သလို ငယ်စဉ်တည်းက လီဗာပူးကို အမာခံ အားပေးခဲ့တဲ့ ဂေါ်ဒန်ဟာ ဒီနွေမှာ အန်ဖီးထံ ပြောင်းဖို့ စိတ်အားထက်သန်နေဆဲဖြစ်ကြောင်းလည်း Chris Waugh က ထုတ်ဖော်လာခဲ့တယ်။

လီဗာပူးအသင်းဟာ ဂေါ်ဒန်ကို သဘောကျပေမယ့် ဘယ်ခြမ်းမှာ ဒါဝင်၊ ဒီယက်ဇ်၊ ဂက်ပို၊ ဂျိုတာတို့ ၄ ဦးလုံး ကစားနိုင်တာမို့ အရေးတကြီး လိုအပ်တဲ့ ခေါ်ယူမှုလို့ ထင်မြင်နေခြင်း မရှိပါဘူး။

ဒီကနေ့မှာ ဂေါ်ဒန် လီဗာပူးထံ ပြောင်းလာနိုင်ဆဲ ဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်နေပေမယ့် လီဗာပူးသတင်းထောက်တွေကတော့ တိတ်ဆိတ်နေဆဲဖြစ်ပါတယ်။