လီဗာပူးအသင်းဟာ ဘိုလော့ညာ ခံစစ်မှူး ရီကာဒို ကယ်လာဖီအိုရီအတွက် စုံစမ်းခဲ့ကြောင်း သတင်းတွေ ထွက်ထားခဲ့သလို အခုချိန်မှာ စီးရီးအေကလပ် နည်းစနစ်ဒါရိုက်တာက ကစားသမားကို ရောင်းချတော့မယ်လို့ အသိပေးလာပါတယ်။
ဂျာမနီမှာ ယှဉ်ပြိုင်ကစားတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အီတလီအသင်းနဲ့အတူ ပါဝင် ယှဉ်ပြိုင်ခဲ့တဲ့ ကယ်လာဖီအိုရီဟာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရအပြီး အားလပ်ရက် ရနေပါပြီ။
အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ လီဗာပူးအသင်း စုံစမ်းခဲ့ကြောင်းကို The Athletic ရဲ့ စီးရီးအေသတင်းထောက် James Horncastle က ထုတ်ဖော်ထားတာပါ။
ဘယ်ခြမ်း ခံစစ်မှူးကို စိတ်ဝင်စားနေတာက လီဗာပူးတစ်သင်းတည်း မဟုတ်ဘဲ ဂျူဗင်တပ်၊ အာဆင်နယ်၊ စပါးနဲ့ ဝက်စ်ဟမ်းတို့ကလည်း မျက်စိကျနေတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၂ လကမှ ခေါ်ယူခဲ့တဲ့ ကယ်လာဖီအိုရီကို ဘိုလော့ညာမှာ ဆက်ထိန်းထားလိုပေမယ့် ကမ်းလှမ်းမှုကြီးရရင် ထွက်ခွင့်ပေးဖို့ စဉ်းစားမှာပါလို့ နည်းစနစ်ဒါရိုက်တာ ဆာတိုရီက ပြောပါတယ်။
“ ကမ်းလှမ်းမှုကြီးရရင်တော့ ကယ်လာဖီအိုရီအတွက် စကားပြောမှာပါ။ သူကို ဆက်ထိန်းချင်ပေမယ့် လက်တွေ့ကျကျ လုပ်ဆောင်ရတော့မှာပါ။ ဂျူဗင်တပ်ကို သူရောက်မယ် မထင်ပါဘူး။ သူ ထွက်ဖြစ်ရင် အီတလီပြင်ပပဲ ဖြစ်ပါလိမ့်မယ် ” လို့ ဆာတိုရီက ပြောပါတယ်။
ဘိုလော့ညာကတော့ ခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၄၀ (ပေါင် ၃၄ သန်း) သတ်မှတ်ထားတယ်လို့ သိရပါတယ်။