

လီဗာပူးအသင်းဟာ ဝုဗ်အသင်းမှ အယ်ဂျီးရီးယား ဘယ်အစွန်လူ နိုရီကို ခေါ်ယူဖို့ အရေးသာနေကြောင်း ပြီးခဲ့တဲ့ အပတ်ကပဲ အယ်ဂျီးရီးယား သတင်းထောက်က ထုတ်ဖော်ထားပါတယ်။
သူ့ကို ခေါ်ယူဖို့ နည်းပြဟောင်း ကလော့ပ်က အလိုရှိခဲ့တာဖြစ်ပေမယ့် အာနယ် ဆလော့ လက်ထက်မှာလည်း လီဗာပူးရဲ့ စိတ်ဝင်စားမှုက ဆက်ရှိနေပါတယ်။
ဘယ်အစွန်လူကို ချယ်ဆီး၊ မန်စီးတီးတို့ကလည်း စိတ်ဝင်စားပေမယ့် ချယ်ဆီးအသင်းရဲ့ ပရော်ဂျက်တွေက ရှင်းလင်းမှု မရှိသလို နည်းပြဂွာဒီယိုလာ လက်အောက်မှာ လွတ်လပ်စွာ ကစားခွင့် ဆုံးရှုံးနိုင်ခြင်းကြောင့် ဘယ်အစွန်လူစစ်စစ်နေရာမှာ ကစားရရေး လီဗာပူးကို ပြောင်းလာဖို့ကို နိုရီတို့ဘက်က သဘောကျနေပါတယ်။
အသက် ၂၃ နှစ်အရွယ် ဘယ်အစွန်လူကို ဝုဗ်ဘက်က ယူရို သန်း ၄၀ ထက် နည်းတဲ့ ပမာဏဖြင့် ရောင်းထုတ်ပေးဖို့ မရှိဘဲ ဆုကြေးတွေ အပါအဝင် ယူရို ၄၅ သန်းထိ ရလိုပါတယ်။
လီဗာပူးသတင်းထောက် David Lynch က ဒီအပတ်မှာပဲ အသင်းဟာ နိုရီကို ခေါ်ယူဖို့ စိတ်အားထက်သန်မှုရှိတယ်လို့ ဖော်ပြလာတယ်။ အထူးသဖြင့် အသင်းနဲ့ နိုရီရဲ့ အေဂျင်စီကြားမှာ ဆက်ဆံရေး ခိုင်မာနေပါတယ်။
ဒါပေမယ့် လီဗာပူးအသင်းဟာ ရော်ဘတ်ဆန်နဲ့ ကိုစတက်တို့လို ဘယ်အစွန်လူ ၂ ဦးရှိနေတဲ့ကြားက နောက်ထပ် တစ်ဦးကို အားဖြည့်မှာ မဟုတ်ပါဘူး။ အသင်းဟာ ဒီနွေမှာ ကိုစတက်ကို ရောင်းထုတ်ဖို့ ကြိုးစားဖွယ်ရှိပြီး ဂရိသားရဲ့ နေရာမှာ နိုရီကို တိုက်ရိုက် ပြန်ဖြည့်ဖို့ အလိုရှိတာပါ။
အသက် ၃၀ အရွယ် ရော်ဘတ်ဆန်ကို အသင်းမှာ ဆက်ထားကာ သူ့နေရာ ဆက်ခံဖို့ နိုရီကို အင်အားဖြည့်ခြင်းက ဘယ်ခြမ်းနေရာ ခိုင်မာမှုကို အားကောင်းစေမယ်လို့ လီဗာပူးအသင်းဘက်က တွက်ဆထားတယ်လို့ David Lynch က ဖော်ပြသွားတာ ဖြစ်ပါတယ်။