ကိစ္စတွေ အစပျိုးနေပါပြီ စိတ်ရှည်ကြပါဆိုတဲ့ ရိုမန်နို၊ ဆွစ်ဇလန်ပွဲမှာ ပါဖွယ်ရှိတဲ့ ထရန့်၊ ဆာလာနဲ့ အန်ဒိုတို့ အိုလံပစ် သွားပြိုင်မှာ မဟုတ်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

ဆွစ်ဇလန်နဲ့ပွဲမှာ နည်းပြဆောက်ဂိတ်ဟာ ၃ ယောက်တန်း ခံစစ်ကို ပြောင်းကစားဖို့ ပြင်နေပါတယ်။ ဝေါ်ကာ၊ စတုန်း၊ ကွမ်ဆာ ခံစစ်အတွဲဖြစ်ပြီး ထရန့်က ညာတောင်ပံ-အစွန် နေရာကနေ ပွဲထွက်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။

Di Marzio လို အပြောင်းအရွှေ့ သတင်းထောက်တွေကတော့ ဘိုလော့ညာ ခံစစ်မှူး ရီကာဒို ကယ်လာဖီအိုရီအတွက် လက်တလော ကြိုးစားနေမှုမှာ လီဗာပူး ပါဝင်နေကြောင်း ဖော်ပြနေခြင်း မရှိပါဘူး။

လီဗာပူးအသင်းဟာ ရီကာဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားမှု ပြသခဲ့ဖူးပေမယ့် ချိတ်ဆက်မှုတွေ လုပ်ဆောင်နေခြင်း မရှိဘဲ ခံစစ်မှူးအတွက် အမှန်တကယ် အားထုတ်မယ့် ကလပ်က အာဆင်နယ်လို့ အသံထွက်လာပါတယ်။

ရိုမန်နိုကတော့ အခုမှ ဇူလိုင်လပဲ ရှိသေးကြောင်းနဲ့ ရေပန်းစား ကိစ္စတွေ ထွက်မလာသေးပေမယ့် လီဗာပူးအသင်းက နောက်ကွယ်မှာ စကားပြောမှုတွေ အများကြီး လုပ်နေတာမို့ အေးဆေးစောင့်ကြည့်ကြဖို့ သတင်းပေးပါတယ်။

ရိုမန်နိုကပဲ လီဗာပူးက အတ္တလန် ကွင်းလယ်လူ အီဒါဆန်ကိစ္စကို ရှေ့ဆက်နေဆဲလို့ ပြောပါတယ်။ လီဗာပူးသတင်းထောက်တွေကတော့ အီဒါဆန် အပြောင်းအရွှေ့ သတင်းကို ပယ်ချထားပါတယ်။

ဂေါ်ဒန်ဘက်က လီဗာပူးအသင်းထံ ပြောင်းလာနိုင်ဖို့ အားထုတ်နေပေမယ့် လီဗာပူးဘက်ကတော့ နယူးကာဆယ်အသင်းနဲ့ ဆွေးနွေးစကားပြောမှု စတင်ဖို့ ကြိုးစားလာခြင်း မရှိပါဘူး။

နယ်သာလန်နည်းပြ ရော်နယ်ကိုးမန်းက တိုက်စစ်သမား ကိုဒီဂတ်ပိုရဲ့ အကောင်းဆုံးနေရာဟာ ဘယ်တောင်ပံဖြစ်တယ်လို့ ထုတ်ဖော်လိုက်ပါတယ်။

မိုဆာလာနဲ့ အန်ဒိုတို့ဟာ ပြင်သစ်မှာ ယှဉ်ပြိုင်မယ့် အိုလံပစ်ပြိုင်ပွဲအတွက် အီဂျစ်နဲ့ ဂျပန် အသင်းလူစာရင်းတွေမှာ ပါဝင်လာခြင်း မရှိပါဘူး။ သူတို့ နှစ်ဦး ဒီအပတ်မှာ လီဗာပူးအသင်းနဲ့အတူ လေ့ကျင့်ရေး စဆင်းပါမယ်။

လီဗာပူးအသင်းက ပထမအသင်းနဲ့ လေ့ကျင့်ရေးဝင်ခိုင်းစေချင်လို့ ဘရာဇီးဂိုးသမား ပီတာလူးဂါးကို ပြန်ခေါ်သွားပါတယ်လို့ St Patrick မန်နေဂျာက ထုတ်ပြောလာပါတယ်။