အာဂျင်တီးနားနဲ့အတူ ဆီမီးတက်သွားတဲ့ မာကာ၊ ဖီယင်နု ကွင်းလယ်လူအတွက် ကြားဝင်ခဲ့ခြင်း မဟုတ်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အာဂျင်တီးနားအသင်းဟာ ကိုပါအမေရိက ကွာတားဖိုင်နယ်မှာ အီကွေဒေါနဲ့ ၁-၁ သရေကျခဲ့ကာ မာတီနက်စ်ရဲ့ သွင်းဂိုးအတွက် ဖန်တီးမှု လုပ်ပေးခဲ့သူက မာကာဖြစ်ပါတယ်။

အချိန်ပိုထိ ၁-၁ ရလဒ်ဖြစ်နေတာမို့ ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ အာဂျင်တီးနားက အနိုင်ရကာ ဆီမီးတက်သွားပါတယ်။ ပင်နယ်တီ ၅ ကြိမ်မှာ မာကာလည်း ဝင်ကန်ခဲ့ပြီး ဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အာနယ် ဆလော့ရဲ့ တပည့်ဟောင်းဖြစ်တဲ့ ဖီယင်နုအသင်းမှ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူ Mats Wieffer ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူးလို့ နယ်သာလန်သတင်းတွေက ဖော်ပြပါတယ်။

Mats Wieffer ကို ပေါင် ၂၅ သန်းနဲ့ ခေါ်ယူဖို့ ဘရိုက်တန်က သဘောတူညီမှု ရထားကာ ကစားသမားရဲ့ အေးဂျင့်က အင်္ဂလန်ကို ရောက်လာပြီး အပြောင်းအရွှေ့ ကိစ္စ အပြီးသတ်နေပါတယ်။

အင်္ဂလန်သတင်းထောက်တွေကတော့ လီဗာပူးအသင်းက နံပါတ် ၆ သမား Wieffer အတွက် ကြိုးစားခြင်း မရှိသလို ကွင်းလယ်ခံစစ်ပိုင်းအတွက် လက်တလော အားထုတ်မှု မရှိဘူးလို့ ပြောပါတယ်။

နော်တင်ဟမ် ဖောရက်စ် ခံစစ်မှူး Murillo က သူ့အနေနဲ့ ဖလားပြိုင်ဆိုင်နေတဲ့ မန်စီးတီး၊ အာဆင်နယ်အသင်းထံ ပြောင်းလိုပေမယ့် ပုံမှန်ပွဲကစားခွင့် ရမှာ မဟုတ်ကြောင်းနဲ့ လီဗာပူးကို ပြောင်းခွင့်ရမယ်ဆိုရင်လည်း ငြင်းမှာ မဟုတ်ဘူးလို့ ထုတ်ပြောပါတယ်။

ဆွစ်ဇာလန်ပွဲမှာ ထရန့် ညာအစွန်-တောင်ပံကနေ ပွဲထွက်ခွင့်ရမယ့် သတင်း အတော်လေး ကျယ်ပြန့်လာနေကာ ဂိုးမက်ဇ်ကတော့ ပွဲထွက်ခွင့်ရမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းထံ ပြောင်းခွင့်ရဖို့ အန်တိုနီ ဂေါ်ဒန်ရဲ့ အေးဂျင့်က အားထုတ်ခဲ့တာဖြစ်ကာ ကစားသမားက သူ့ငယ်စဉ်တည်းက အားပေးခဲ့ရတဲ့ မာဆေးဆိုဒ် အနီဘက်ခြမ်းကို တအား ရောက်လိုခဲ့ပါတယ်။