လီဗာပူးမှာ သူသုံးမှာ ၄-၂-၃-၁ မဟုတ်ဘူးလို့ ထုတ်ပြောလိုက်တဲ့ အာနယ် ဆလော့

နည်းပြအာနယ် ဆလော့က လီဗာပူးမှာ သူ ဘယ်လို နည်းစနစ်ကို သုံးမလဲ ဆိုတာအတွက် ရိပ်ဖမ်းသံဖမ်း သဘောမျိုး ပြောလာနေပါပြီ။

လီဗာပူးလူစာရင်းမှာ အဓိက ပြဿနာကြီး ၂ ခုက ထရန့်ကို ကွင်းလယ်မှာ သုံးမလား ဆိုတာနဲ့ ဘယ်ခြမ်းတောင်ပံမှာ ဂက်ပို၊ ဒါဝင်၊ ဒီယက်ဇ် ဘယ်သူ့ကို ထားမလဲဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။

ဒီအပိုင်းအတွက် အာနယ်က ” ကစားသမားတွေရဲ့ အကောင်းဆုံး နေရာကို သူတို့ရဲ့ လက်ရွေးစင်အသင်းက ခြေစွမ်းကိုကြည့်ပြီး အကဲဖြတ်မှာ မဟုတ်ပါဘူး။ သူတို့ ခြားနားတဲ့ တာဝန်တွေ ယူရတာမျိုး ရှိလာနိုင်ပါတယ်။

သူတို့ကို ဘယ်နေရာမှာ ကစားစေမယ်ဆိုတဲ့ အပေါ် ကျနော်မှာ အမြင်တွေရှိထားပေမယ့် သူတို့နဲ့ အရင်ဆုံး စကားပြောကြည့်ပါမယ် ” လို့ ပြောခဲ့တယ်။

နည်းပြကလော့ပ်ဟာ ၄-၂-၃-၁ ကစားကွက်ကို အားသန်ပေမယ့် လီဗာပူးမှာတော့ ၄-၃-၃ ကို ဦးစားပေးခဲ့ပါတယ်။ သူ့ရဲ့ နောက်ဆုံးကာလတွေမှာ ထရန့်ကို ကွင်းလယ်ဝင်စေတဲ့ ၃-၄-၃ ကစားဟန်မျိုးကို ပြောင်းလဲသွားခဲ့ပါသေးတယ်။

အာနယ် ဆလော့ကတော့ သူ့ရဲ့ ကစားကွက်ကို အထိုင်ကစားကွက် တစ်ခုထဲ ပုံသွင်းသွားမှာ မဟုတ်ကြောင်းနဲ့ ဘောလုံးရှိချိန်နဲ့ မရှိချိန်တွေအပေါ် မူတည်ပြီး လွတ်လပ်စွာ ကစားခွင့် ကွာဟမယ်လို့ ပြောပါတယ်။

” ကျနော် အသင်းကို ကြည့်တဲ့သူတိုင်းကို သူတို့ ကစားနေတာ ၄-၂-၃-၁ ပါကွာ၊ ၄-၃-၃ ပါကွာလို့ မမြင်စေချင်ဘူး။ မတူညီတဲ့ နေရာတွေမှာ အများကြီး လွတ်လွတ်လပ်လပ် ကစားရမှာပါ။ ဘောလုံးရချိန်မှာ သူတို့ လွတ်လွတ်လပ်လပ် ကစားခွင့်ရှိမယ်။ ဘောလုံးမရှိချိန်မှာ ရလိုစိတ်တွေနဲ့ ကစားစေမယ်။

ကိုယ့်ဘာသာတော့ ၄-၂-၃-၁ တို့ ၄-၃-၃ တို့ တစ်ခုခုကို ဦးစားပေးမယ်လို့ မမြင်ဘူး။ တစ်ခုတော့ ပြောဗျာဆိုရင် ၄-၃-၃ ကို ကစားစေမှာပါ။ ကျနော်တို့ ကစားကွက်တည်နေချိန် ခံစစ်သမား ၃ ယောက်တန်းတွေ ထားတာတွေ ရှိတယ်။ အစွန်သမားတွေက မတူညီတဲ့ တာဝန်တွေ ယူရမှာမျိုးပေါ့ ” ဆိုပြီး အာနယ်က ရှင်းပြသွားပါတယ်။