ဗန်ဒန်ဘတ်အတွက် ပီအက်စ်ဗီ ကမ်းလှမ်း၊ အီတလီဂိုးသမားအတွက် စကားပြောခဲ့ခြင်း၊ နည်းပြသစ် ၂ ဦး ထပ်ရောက်လာဖို့ ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

သူရဲ့ ရည်ရွယ်ချက်ကတော့ လီဗာပူးအသင်းနဲ့အတူ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှိချင်တာဖြစ်ကြောင်း အာနယ် ဆလော့က ထုတ်ဖော်ပါတယ်။

ဖီယင်နုမှာ သူ့ရဲ့ ကစားကွက်က ၄-၂-၃-၁ ဖြစ်ကြောင်းနဲ့ လီဗာပူးမှာ အဲ့အကွက် သုံးမှာလားလို့ အကဲဖြတ်ပြနေတဲ့ သတင်းထောက်ကို သူ အဲ့အကွက် မသုံးကြောင်းနဲ့ နည်းပြလိုင်စင်ရဖို့ သုံးခဲ့ဖူးတာလောက်ပဲ ရှိတယ်လို့ တုန့်ပြန်ခဲ့လို့ မီဒီယာတွေ့ဆုံမှု ကြည့်သူတွေ သဘောကျတဲ့ တုန့်ပြန်မှုဖြစ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့ရဲ့ စာချုပ်ကိစ္စကို ကစားသမားတွေနဲ့ သီးသန့် ဆွေးနွေးမှုတွေရှိတယ်လို့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်က ပြောပါတယ်။

ဒီနွေမှာ စာချုပ်သစ် လက်မှတ်မထိုးရင်တောင် လီဗာပူးဘက်က မိုဆာလာကို ရောင်းချသွားမှာ မဟုတ်ပါဘူး။

ဒီအပတ်မှာပဲ ဝါတာရုနဲ့ ဆာလာတို့ လီဗာပူးအသင်းနဲ့ ပြန်ပူးပေါင်းကာ အက်ဆာလေ့ကျင့်ရေးကနေ စတင်ပြီး ရာသီကြို ဝင်သွားမှာဖြစ်ပါတယ်။

တူရကီကလပ် Trabzonspor အသင်းဟာ လီဗာပူးခံစစ်မှူး နက်ဖီးလစ်အတွက် တရားဝင် ကမ်းလှမ်းမှု ပေးထားခဲ့ပါပြီ။

ပီအက်စ်ဗီအသင်းဟာ လီဗာပူး ခံစစ်မှူး ဗန်ဒန်ဘတ်ကို ခေါ်ယူဖို့ စကားစပြောနေပါတယ်။ ဗန်ဒန်ဘတ်ဟာ ကာဗာရို၊ ဟာဗေး၊ ကာတစ်၊ ကွမ်းဆက်တို့နဲ့အတူ အက်ဆာမှာ ရာသီကြို စတင် ပါဝင်နေပါပြီ။

အီတလီဂိုးသမား Di Gregorio ရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားအတွက် လီဗာပူးအသင်းနဲ့ စကားပြောခဲ့ပေမယ့် ဂျူဗင်တပ်ထံ ပြောင်းမယ်လို့ ကတိပေးခဲ့ပြီး ဖြစ်နေကြောင်း ထုတ်ပြောသွားပါတယ်။

လီဗာပူးအသင်းဟာ အာနယ် ဆလော့ကို အကူအညီပေးမယ့် နည်းပြသစ် ၂ ဦးကို သိပ်မကြာခင် ကြေညာပေးသွားဖို့ ရှိနေပါတယ်။

ကိုပါအမေရိကမှာ အာဂျင်တီးနားအသင်း ဆီမီးဖိုင်နယ်ကို တက်သွားတာကြောင့် မာကာဟာ လီဗာပူးကို နောက်အကျဆုံး ပြန်ပူးပေါင်းမယ့် အဖွဲ့ထဲ ပါဝင်သွားပါပြီ။

အသင်းကနေ အလွတ်ဖြင့် ထွက်သွားတဲ့ ပိုလန်တိုက်စစ်သမား မူဆီယာလိုစကီကို စီးရီးအေကလပ်တွေက ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။