အာနယ် လက်ထက် လေ့ကျင့်ရေး ပထမရက်တည်းက ကြံ့ခိုင်မှုစစ်ဆေးပုံ ပြောင်းလဲ

လီဗာပူးအသင်းဟာ သောကြာနေ့မှာ ရာသီကြို ပြင်ဆင်မှု ပြန်လည် စတင်ခဲ့ပြီး ကလပ်ရဲ့ အစဉ်အလာ Lactate Test စစ်ဆေးမှုအစား ၆ မိနစ် ပြေးလွှားခြင်းဖြင့် ပြောင်းလဲသွားပြီဖြစ်ပါတယ်။

အက်ဆာမှာ ရာသီကြို ပူးပေါင်းနေတဲ့ ကစားသမားတွေကို မီတာ ၄၀၀ ဝန်းကျင်ရှိတဲ့ ပြေးလမ်းမှာ ၆ မိနစ်ကြာ ပြေးလွှားစေတယ်။

အထူးညွှန်ကြားချက်ကတော့ တတ်နိုင်သလောက် မြန်နိုင်သမျှ မြန်မြန် ပြေးဖို့ဖြစ်ပြီး ဘယ်လောက် အကွာအဝေးရောက်မလဲကို မှတ်သားမှာဖြစ်ပါတယ်။

ကစားသမားတွေရဲ့ အမြင့်ဆုံး ပြေးနိုင်အားကို စစ်ဆေးခြင်းဖြစ်ကာ စွမ်းဆောင်ရည်ဆိုင်ရာ အကဲဖြတ်တဲ့ ဝန်ထမ်းတွေက GPS က တစ်ဆင့် ကစားသမား တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်ကို မှတ်သားထားကာ သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာအရ သင့်လျော်တဲ့ လေ့ကျင့်ရေးကို ပြန်လည် စီစဉ် ရေးဆွဲပေးမှာ ဖြစ်ပါတယ်။

Lactate Test စစ်ဆေးချက်နဲ့ မတူတော့ပေမယ့် အရမ်းကြီး ခြားနားနေတာမျိုးလည်း မဟုတ်ဘဲ ကစားသမားတွေရဲ့ အမြင့်ဆုံး အားထုတ်နိုင်စွမ်းကို မတူညီတဲ့ နည်လမ်းမျိုးနဲ့ တိုင်းတာခြင်းပဲ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အာနယ် ဆလော့ လက်ထက်မှာလည်း ဖိအားပေးကစားဟန်ကိုပဲ ဆက်လက် ကျင့်သုံးမှာဖြစ်ကာ ကစားအားကို အမြင့်ဆုံးထားနိုင်ခြင်းနဲ့အတူ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ ဒဏ်ရာကိစ္စ နည်းပါးအောင် ကိုင်တွယ်နိုင်စွမ်းဟာ တစ်ရာသီလုံး ကစားသမား ထိန်းသိမ်းနိုင်စွမ်းအပေါ် သက်ရောက်မှု ရှိပါလိမ့်မယ်။