

နိုင်ငံတကာ ပြိုင်ပွဲတွေကြောင့် ကစားသမားအားလုံး လီဗာပူးကို ပြန်မရောက်သေးတာဟာ သူ့အတွက် ဖိအားဖြစ်မနေကြောင်း အာနယ် ဆလော့က ရယ်ရယ်မောမော ပြောဆိုပါတယ်။
ကြီး ၆ ကြီး ကလပ်တွေအတွင်း လီဗာပူးနဲ့ ချယ်ဆီးကလွဲရင် ကျန်အသင်းတွေက နည်းပြတွေနဲ့ အထိုင်ကျထားပါပြီ။ အာနယ် ဆလော့ဟာ သူ့ကစားသမားတွေနဲ့ ရာသီကြို ပြင်ဆင်ဖို့ လိုအပ်နေပေမယ့် အတော်များများက နောက်ကျနေတော့မှာပါ။
ဒါဟာ တစ်ပန်းရှုံးမှုဖြစ်မလားလို့ မေးခံရချိန်မှာ အာနယ်ကတော့ လီဗာပူးရဲ့ ရာသီကြိုမှာ အတူ လေ့ကျင့်ရအောင် လက်ရွေးစင်တွေက ရွေးချယ်ထားတဲ့ ကစားသမားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပေမယ့် ငြင်းဆန်ခံခဲ့ရတယ်လို့ အရွှန်းဖောက်ပါတယ်။
” ပြိုင်ပွဲတွေ မစခင်မှာ ကျနော်တို့ ကစားသမားတွေကို ပြန်ပို့ပေးလို့ရမလား နိုင်ငံအသင်းမန်နေဂျာတိုင်းကို လိုက်ပြီး ဆက်သွယ်ခဲ့သေးတယ်။ သူတို့ မရဘူးတဲ့ဗျား ” လို့ ရယ်မောပြီး အာနယ် ဆလော့က စနောက်ပါတယ်။
လီဗာပူးကစားသမားတွေထဲက ထရန့်၊ ဂိုးမက်စ်၊ ဗန်ဒိုက်၊ ဂက်ပို၊ ဂရာဗင်ဘက်ချ်၊ ကိုနတေး၊ ဒီယက်ဇ်၊ ဒါဝင်၊ မာကာတို့ဟာ သက်ဆိုင်ရာ ပြိုင်ပွဲတွေကြောင့် အသင်းနဲ့ ရာသီကြို ပြင်ဆင်ဖို့ အတော်လေး နောက်ကျသွားတော့မှာပါ။
အဓိကကစားသမား အများစုက နည်းပြသစ်၊ နည်းစနစ်သစ်တွေအကြောင်း လေ့ကျင့်ဖို့ရာ အချိန်နည်းပါးခြင်းဟာ လီဗာပူးရဲ့ ရာသီစကို သက်ရောက်မှု ရှိလာနိုင်ပါတယ်။
” မန်နေဂျာတိုင်းမှာ ဒီစိန်ခေါ်မှုရှိပါတယ်။ ယူနိုက်တက်၊ စီးတီး၊ ချယ်ဆီးက မန်နေဂျာတွေမှာလည်း ဒီစိန်ခေါ်မှု ရှိပါတယ်။ သူတို့အားလုံးက အသင်းသစ်တွေကို ကိုင်တွယ်ရတာ မဟုတ်တော့ အခြေအနေက တစ်ပန်းမသာပေမယ့် ဒါကို ဆင်ခြေအဖြစ် သုံးမှာ မဟုတ်ပါဘူး ” လို့ အာနယ်က ဆက်ပြောခဲ့တယ်။
လီဗာပူးအသင်းဟာ လာမယ့်ရာသီမှာ စနစ်သစ်ဖြင့် ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်မှာလည်း ပါဝင် ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။