ကလေးတွေ အပါအဝင် ဥရုဂွေးကစားသမားတွေရဲ့ မိသားစုဝင်တွေကို ထိခိုက်ရာက ရန်ပွဲထဲ ပါဝင်ခဲ့တဲ့ ဒါဝင်

မနက်က ကိုလံဘီယာကို အရေးနိမ့်ခဲ့တဲ့ ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲအပြီးမှာ ဥရုဂွေး ကစားသမားတွေဟာ ပြိုင်ဘက် ပရိသတ်တွေနဲ့ ထိပ်တိုက်တွေ့မှုဖြစ်ခဲ့ပါတယ်။

အပြန်အလှန် ထိုးပွဲပါဖြစ်ခဲ့တဲ့ အဆိုပါဖြစ်ရပ်မှာ လီဗာပူး တိုက်စစ်မှူး ဒါဝင် နူးညက်စ်လည်း ပါဝင်ခဲ့ရာက အားကစားသတင်းဌာနတွေမှာ ဖော်ပြခံရတဲ့ နာမည်ကြီးကိစ္စ ဖြစ်ခဲ့ပါတယ်။

နောက်ပိုင်း ထွက်လာတဲ့ သတင်းတွေအရ ကလေးတွေ ပါဝင်တဲ့ ဥရုဂွေး ကစားသမားတွေရဲ့ မိသားစုဝင်တွေ ထိပါးခံရတာကြောင့် ဥရုဂွေး ကစားသမားတွေ ရှေ့ထွက်လာခဲ့ခြင်းလို့ သိရပါတယ်။ တောင်အမေရိက သတင်းထောက်တွေကတော့ မိသားစုဝင်တွေကို ကာကွယ်ဖို့ ကြိုးစားတဲ့ ဒါဝင် နူးညက်စ်ရယ်လို့ ဖော်ပြကြပါတယ်။

ဥရုဂွေးအသင်းခေါင်းဆောင် ဂျီမီနက်စ်ကဆိုရင် မီဒီယာကတစ်ဆင့် မူးနေတဲ့ ကိုလံဘီယာပရိသတ်တွေဟာ ကစားသမား မိသားစုဝင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြောခဲ့ပြီး ကာကွယ်ပေးမယ့် ရဲနဲ့ အစောင့်တွေ ရှိမနေခဲ့ကြောင်းနဲ့တကွ ပွဲစီစဉ်သူတွေကို ဒေါသတကြီး ဝေဖန်ခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယိုတွေမှာလည်း ကလေးတွေပါဝင်တဲ့ ဥရုဂွေး ကစားသမားတွေရဲ့ မိသားစုဝင်တွေဟာ ပွဲကြည့်စင်ကနေပါ ခုန်ချ ပြေးလွှားနေခဲ့ရတာကို မြင်ခဲ့ရပါတယ်။ ကိုလံဘီယာပရိသတ်တွေရဲ့ စော်ကားမှုကို သည်းမခံနိုင်တဲ့ ဥရုဂွေး ကစားသမားတွေက ပွဲကြည့်စင်ကို ခုန်တက်ခဲ့ကြကာ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ဖြစ်ရပ်တွေအပြီး ဒါဝင်ဟာ သူ့ရဲ့ ကလေးကို ကွင်းထဲမှာ ကျောပွတ်ပြီး ထိတ်လန့်ပြေအောင် ချော့ပေးနေခဲ့သလို ကစားသမား အများအပြားက မိသားစုဝင်တွေအတွက် ပေါက်ကွဲနေခဲ့ကြပါတယ်။ ဥရုဂွေးဝန်ထမ်းအချို့နဲ့ ပရိသတ် အချို့လည်း သွေးထွက်သံယိုဖြစ်တဲ့ထိ ဒဏ်ရာတွေရခဲ့ကြပါတယ်။

ဒီဖြစ်ရပ်မှာ ကိုလံဘီယာ ပရိသတ်တွေတင် မဟုတ်ဘဲ ဥရုဂွေးဘက်ကလည်း အပြစ်မကင်းတာတွေ ရှိခဲ့ကြကာ အဓိကအားဖြင့် ပွဲလုံခြုံရေး အားနည်းမှုက အခုလို ရန်ပွဲကို ဖြစ်စေခဲ့တာလို့ တောင်အမေရိက သတင်းထောက်တွေက ဖော်ပြနေကြတာဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်ကတော့ ဖြစ်ရပ်အတွက် တစုံတရာ မှတ်ချက်ပေးခြင်း မလုပ်ခဲ့ဘဲ ဒါဝင်တို့ကို တိုက်ရိုက် ဆက်သွယ်ကာ ကစားသမားနဲ့ မိသားစုဝင်တွေ ဘေးကင်းမှု အခြေအနေကို ဦးစားပေးသွားတယ်လို့ သိရပါတယ်။