

လီဗာပူးအသင်းဟာ အာနယ် ဆလော့ရဲ့ နည်းပြအဖွဲ့အတွက် ၄ ဦးမြောက် လူသစ် ဖြည့်တင်းမှုကို တရားဝင် ကြေညာလိုက်ပြီဖြစ်ပါတယ်။
စပါး၊ မန်စီးတီး နည်းပြဟောင်းဖြစ်သူ အာရွန်ဘရစ်ဟာ လီဗာပူးအသင်းရဲ့ elite development နည်းပြဖြစ်လာပါမယ်။ ဒီရာထူးဟာ အကယ်ဒမီနဲ့ ပထမအသင်းကို ပေါင်းစပ်ပေးတဲ့ ရာထူးဖြစ်ကာ ယခင်က ပပ်လင်ဒါးနဲ့ ဗစ်တာ မာတိုစ့်တို့ တာဝန်ယူခဲ့ဖူးပါတယ်။
အာရွန်ဘရစ်ဟာ ဆလော့အတွက် ၄ ဦးမြောက် အဖွဲ့သားဖြစ်ကာ သူ့မတိုင်ခင် လက်ထောက်နည်းပြ ဆစ်ဂဟေးဆော့ဖ်၊ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် နည်းပြ ရူဘန်ပီတာစ့်၊ ပထမအသင်း ဂိုးနည်းပြ ဖာဘီယန် အိုတေးတို့ကိုလည်း ခေါ်ယူထားပါတယ်။
မကြာခင်မှာ နောက်ထပ် နည်းပြအဖွဲ့သား တစ်ဦးကို လီဗာပူးအသင်းဘက်က ထပ်မံ ခေါ်ယူပေးဖွယ် ရှိနေပါတယ်။
အနာဂတ်ကိစ္စ စဉ်းစားမယ် ပြောလာတဲ့ ဗန်ဒိုက်
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ အင်္ဂလန်ကို ရှုံးနိမ့်တာကြောင့် ဆီမီးဖိုင်နယ် အဆင့်ကနေ ထွက်ခွာခဲ့ရတဲ့ နယ်သာလန်အသင်း အသင်းခေါင်းဆောင် ဗန်ဒိုက်က သူ့ရဲ့ အနာဂတ်ကိစ္စတွေကို စဉ်းစားတော့မယ် ကြေညာပါတယ်။
အသက် ၃၃ နှစ်အရွယ် ခံစစ်မှူးဟာ လီဗာပူးအသင်းနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိပါတော့သူဖြစ်ပါတယ်။ သူဟာ မနှစ်ကရာသီ ကလပ်နဲ့ လက်ရွေးစင်ပွဲပေါင်း ၆၄ ပွဲထိ ကစားပေးထားခဲ့ပါတယ်။