ထရန့်နဲ့ စာချုပ်သစ်ကိစ္စ၊ ကွင်းလယ်ခံစစ် ခေါ်လိုကြောင်း အသံထွက်မှု၊ ရာသီသစ်မစခင် ၁ ပတ်အလိုမှ လူစုံဖို့ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဘက်က ထရန့်ရဲ့ စာချုပ်သစ်ကိစ္စကို အောင်မြင်စွာ အပြီးသတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း အသင်းရဲ့ ဂန္တဝင်တစ်ဦး ဖြစ်လိုစိတ် ရှိထားပါတယ်။

ဥရုဂွေးအသင်းဟာ ကိုလံဘီယာပွဲမှာဖြစ်ပွားခဲ့တဲ့ ရန်ပွဲအတွက် တရားဝင် စာထုတ်ခဲ့ပြီး ကစားသမား မိသားစုဝင်တွေ အန္တရယ်ဇုံထဲ ကျရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

လီဗာပူး ဂိုးနည်ပြသစ် ဖေဘီယန် အော်တေဟာ ကစားသမားတွေရဲ့ အမြင်ကို တိုးတက်စေမယ့် “Swivel Vision” လို့ခေါ်တဲ့ မျက်မှန်ကို တပ်ပြီး ဂိုးသမားတွေကို လေ့ကျင့်စေပါတယ်။

ဒါ့အပြင် ခံစစ်ပိုင်း ကစားကွက်တည်ဆောက်မှုမှာ ဂိုးသမားတွေ ပါဝင် ကူညီပေးရမယ့် အနေအထားအတွက်လည်း လေ့ကျင့်နေပါတယ်။

လီဗာပူးအသင်းဟာ ကမ္ဘာ့အဆင့် ကွင်းလယ်ခံစစ်သမား တစ်ဦးကို ခေါ်ယူနိုင်မယ်ဆိုရင် ငွေသုံးပြီး ခေါ်မှာဖြစ်ကြောင်း လီဗာပူးသတင်းထောက်တွေက ရေးသားလာပါတယ်။

နိုင်ငံတကာပြိုင်ပွဲတွေကြောင့် ပရီးမီးယားလိဂ် မစခင် ၁ ပတ် အလိုမှ အာနယ် ဆလော့ဟာ သူ့ရဲ့ လီဗာပူးလူစာရင်း အပြည့်ကို ရရှိမှာဖြစ်ပါတယ်။

ဆော်ဒီဘက်က မန်စီးတီးဂိုးသမား အီဒါဆန်ကို ပေါင် ၂၅ သန်းဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို မအောင်မြင်ခဲ့ရင် အယ်လီဆန်ဘက် ဦးလှည့်လာဖို့ ရှိပါတယ်။

ဘာစီလိုနာဟာ သီယေဂိုကို ဟန်ဇီဖီလစ်ရဲ့ နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် တရားဝင် ကြေညာဖို့ ပြင်ဆင်နေပါပြီ။

မန်စီးတီး တိုက်စစ်မှူးဟောင်း အဂွယ်ရိုက သူ့ရဲ့ ထာဝရအကောင်းဆုံး ၁၁ ဦးစာရင်းမှာ ရော်နယ်ဒို၊ မက်ဆီတို့နဲ့အတူ ဗန်ဒိုက်ကိုပါ ထည့်သွင်းခဲ့ပါတယ်။

ရာသီသစ်မစခင် ယူအီးအက်ဖ်အေရဲ့ ဥရောပအကောင်းဆုံး အသင်းများ စာရင်းမှာ လီဗာပူးက တစ်ဆင့်တက်လာပြီး အဆင့် ၄ နေရာ ရောက်လာပါတယ်။