စပိန်ပွဲ ဝေါ်ကာခြေစွမ်းကို ကြည့်လိုက်ရင် ဆောက်ဂိတ်က ထရန့်ကို ဘယ်လောက် မုန်းနေလဲ မြင်သာကြောင်း ပရိသတ်တွေ မှတ်ချက်ပေး

ယူရို ဖိုင်နယ်မှာ အင်္ဂလန်က စပိန်ကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့တဲ့ပွဲအပြီး ဘောလုံးပရိသတ်တွေက ညာခြမ်းမှာ ဆိုးရွားခဲ့တဲ့ ဝေါ်ကာရဲ့ ခြေစွမ်းနဲ့ ထရန့်အပေါ် လျစ်လျူရှုထားတဲ့ နည်းပြဆောက်ဂိတ်တို့အကြောင်း မှတ်ချက်ပေးမှုတွေ ထွက်ပေါ်လာပါတယ်။

ပြိုင်ပွဲအစတုန်းက နည်းပြဆောက်ဂိတ်ဟာ ထရန့်ကို ကွင်းလယ်မှာ သုံးခဲ့သေးပေမယ့် နေရာသစ်မှာ မိနစ် ၉၀ အပြည့် အချိန်မပေးခဲ့ဘဲ ၂ ပွဲကစားအပြီး ညာအစွန်အတွက် အရန်သမားအဖြစ် ပြန်ဖယ်ထုတ်ခဲ့တာပါ။

နောက်ပိုင်းပွဲတွေအတွင်း ညာအစွန်မှာ ဝေါ်ကာကို ဦးစားပေးအဖြစ် အသုံးပြုကာ ထရန့်ကို မိနစ်ပိုင်းပဲ လူစားဝင် ကစားစေခဲ့ပါတယ်။ ရှုံးထွက်တွေမှာ ဝေါ်ကာနဲ့ ထရစ်ပီယာတို့ကို ဆက်လက် ဦးစားပေးကာ ထရန့်ကတော့ ကစားခွင့်မရခဲ့ပါဘူး။

ဖိုင်နယ်မှာ အင်္ဂလန်ဟာ စပိန်ကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့သလို ညာခြမ်းက ဝေါ်ကာရဲ့ ခြေစွမ်းပိုင်း လိုအပ်ချက်ကလည်း ထောက်ပြစရာတွေ များခဲ့ပါတယ်။ စပိန်အသင်း သွင်းယူခဲ့တဲ့ ၂ ဂိုးလုံးက ဝေါ်ကာရဲ့ ညာခြမ်း အမှားတွေကနေပဲ ရယူသွားတာပါ။

ထရန့်ကို ခံစစ်မကောင်းလို့ ဆိုပြီး ဖယ်ထုတ်ထားခဲ့ပေမယ့် ဝေါ်ကာရဲ့ လိုအပ်ချက်ကတော့ ဖလားပါ လက်လွတ်စေခဲ့တယ်လို့ အင်္ဂလန်ပရိသတ်တွေနဲ့ လီဗာပူးပရိသတ်တွေက ဆိုကြပါတယ်။

ပြိုင်ပွဲတစ်လျှောက် အင်္ဂလန်အသင်းဟာ ဘာဖန်တီးမှုမှ မမြင်ခဲ့ရဘဲ အသင်းရဲ့ အဓိက ဖန်တီးရှင်ဖြစ်တဲ့ ထရန့်ကိုလည်း နေရာမပေးဖို့ ရွေးချယ်ခဲ့တာဟာ နည်းပြဆောက်ဂိတ်ရဲ့ ကစားသမားအပေါ် သဘောမကျမှုကြောင့်လို့ မှတ်ချက်တွေရနေပါတယ်။

နည်းပြဆောက်ဂိတ်ဟာ သူ့ရဲ့ အင်္ဂလန်နည်းပြဘဝမှာ ထရန့်ကို ဘယ်တုန်းကမှ နေရာမပေးခဲ့ဘဲ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတုန်းကလည်း ထရစ်ပီယာနဲ့ ဝေါ်ကာကိုပဲ ဦးစားပေးခဲ့တာ ဖြစ်ပါတယ်။

ဘောလုံးပရိသတ်တွေကတော့ နည်းပြဆောက်ဂိတ်ဟာ ဘောလုံးကို စွန့်စားကစားတာမျိုး မလုပ်ရဲဘဲ လုံခြုံဘေးကင်းဖို့ကို ဦးစားပေးကာ ရှေးရိုးဆန်တာကြောင့် ထရန့်လို ကစားသမားကို မသုံးရဲတာလို့လည်း မှတ်ချက်ပေးနေကြပါတယ်။