

လီဗာပူးနည်းပြဟောင်း ယာဂင်ကလော့ပ်ဟာ လက်ရွေးစင်အသင်းတွေရဲ့ ချိတ်ဆက်မှုတွေ ဆက်တိုက်ရရှိနေပေမယ့် သူ့ရဲ့ တစ်နှစ် အနားယူမယ့် ပလန်ကို ပြောင်းလဲလိုခြင်း မရှိပါဘူး။
အင်္ဂလန်အသင်းဟာ ရာထူးကနေ နှုတ်ထွက်သွားတဲ့ နည်းပြဆောက်ဂိတ် နေရာမှာ အစားထိုးဖို့ ကလော့ပ်ကို ချဉ်းကပ်မှု ပြုလုပ်ခဲ့တာပါ။ ကလော့ပ်ကတော့ နည်းပြလောကကနေ ၁ နှစ် အနားယူဖို့ ယတိပြတ် ဆုံးဖြတ်ထားပါတယ်။
အင်္ဂလန်အက်ဖ်အေက ဆောက်ဂိတ်နေရာ အစားထိုးဖို့ အင်္ဂလန်ဘောလုံးလောက အကြောင်း အကျွမ်းတဝင်ရှိသူ တစ်ဦးကို ခန့်အပ်လိုတာပါ။ လက်တလောမှာ ရွေးချယ်လို့ရနိုင်မယ့်သူတွေထဲ ကလော့ပ်လို ကမ္ဘာ့အဆင့် နည်းပြလည်း ရှိနေပါတယ်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေအတွက် ပြင်ဆင်ဖို့ လိုအပ်ခြင်းနဲ့အတူ အင်္ဂလန်အသင်းဟာ ဆောက်ဂိတ်နေရာ ခပ်စောစော အစားထိုးမှု လုပ်ဖို့ စီစဉ်ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ကလော့ပ်က ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ နည်းပြလောကထဲ ပြန်ဝင်မှာ မဟုတ်တာကြောင့် ဂျာမာန်သားကြီးကို တာဝန်ပေးလိုရင် ဒီတစ်နှစ်လုံး ယာယီနည်းပြ တစ်ဦးနဲ့ ရှေ့ဆက်ဖို့ အင်္ဂလန်အသင်းဘက်က ရွေးချယ်ရမှာ ဖြစ်ပါတယ်။
ဒီနွေမှာပဲ အမေရိကန်အသင်းကလည်း ကလော့ပ်ကို လက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူပေးဖို့ ချဉ်းကပ်သေးပေမယ့် ပယ်ချခံထားရပါတယ်။
ယာဂင်ကလော့ပ်ဟာ မိန်ဇ့်၊ ဒေါ့မွန်၊ လီဗာပူးအသင်းတို့နဲ့အတူ နှစ်ပေါင်း ၂၀ ကြာ ကလပ်နည်းပြဘဝကို ကျော်ဖြတ်ပြီးတဲ့နောက် သူ့ရဲ့ နောက်ထပ် တာဝန်ယူမှုဟာ လက်ရွေးစင်အဆင့် အသင်းတစ်သင်း ဖြစ်မယ်လို့လည်း ယူဆခံထားရပါတယ်။