လီဗာပူး ဒီနွေမှာ ချိန်ရွယ်နေကြောင်း အပတ်တိုင်း သတင်းထွက်နေတဲ့ လိုင်လီအသင်း ခံစစ်မှူး ယိုရိုကို ယူရို ၆၂ သန်းဖြင့် ခေါ်ယူဖို့ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ယူနိုက်တက်အသင်းက သဘောတူညီမှု ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
လီဗာပူးသတင်းထောက်တွေက အသင်းဟာ ခံစစ်မှူး ယိုရိုကို အလေးအနက် စိတ်ဝင်စားနေကြောင်းနဲ့ ကမ်းလှမ်းခွင့်ရမယ်ဆိုရင် ဝင်ရောက် ညိနှိုင်းဖို့ အဆင်သင့် စောင့်ဆိုင်နေကြောင်း ဒီနွေမှာ တောက်လျှောက် ဖော်ပြခဲ့တာပါ။
ဇူလိုင်လထဲမှာတော့ ယိုရို ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့ကိုပဲ စိတ်အားထက်သန်နေတာကြောင့် အပြောင်းအရွှေ့ကနေ နောက်ဆုတ်ခဲ့ကြောင်း လီဗာပူး သတင်းထောက်တွေက ဆိုလာခဲ့ပါတယ်။
ဒါပေမယ့် ကစားသမားက ရီးရဲလ်မက်ဒရစ်ကို မရောက်ဘဲ ဒီကနေ့မှာပဲ ယူနိုက်တက်ထံ ပြောင်းဖို့ သဘောတူညီသွားချိန်မှာတော့ လီဗာပူးပရိသတ်တွေက အသင်းတာဝန်ရှိသူတွေကို စတင် လှောင်ပြောင်ခဲ့ကြပါတယ်။
ဒီတစ်နွေလုံး အသင်း အားနည်းနေတဲ့ ဗဟိုခံစစ်အတွက် ယိုရို တစ်ဦးတည်းနဲ့ သတင်းကြီး ထွက်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကြောင့် နောက်ဆုတ်ခဲ့ပြီးမှ ယူနိုက်တက်က ဘာလို့ ခေါ်ယူလို့ ရသွားတာလဲလို့ အသင်းပရိသတ်တွေက မေးခွန်းထုတ်ခဲ့တယ်။
အတ်ဝပ်၊ ရစ်ချက်ဟုချ်၊ ဂျူလီယန်ဝတ်နဲ့တကွ အကြီးတန်း ရာထူးတွေ အများကြီး ခေါ်ထားပေမယ့် ကိုယ့်ရဲ့ ပစ်မှတ်ကို မဟာပြိုင်ဘက် ယူနိုက်တက်က ရီးရဲလ်ကို ကျော်ပြီး ခေါ်ယူနိုင်ခြင်းဟာ စိတ်ပျက်ဖို့ကောင်းကြောင်းလည်း ဝေဖန်လာကြပါတယ်။
ဒီနွေမှာ အသင်းကို စတင်တာဝန်ယူတဲ့ နည်းပြသစ် အာနယ် ဆလော့အတွက် လီဗာပူးအသင်းဘက်က လူသစ် တစ်ဦးမှ ခေါ်ယူပေးနိုင်ခြင်း မရှိသေးပါဘူး။ အသင်းဟာ ဗဟိုခံစစ်၊ ကွင်းလယ်ခံစစ် ဒါမှမဟုတ် တိုက်စစ် ဘယ်နေရာကို ဦးစားပေး အားဖြည့်မယ်ဆိုတာကိုတောင် အခုချိန်ထိ ရွေးချယ်နိုင်ခြင်း မရှိသေးပါဘူး။
ပိုမို ဝေဖန်စရာဖြစ်လာတာက အသင်းဟာ ၁ နှစ်ပဲ စာချုပ်ကျန်တော့တဲ့ ဗန်ဒိုက်၊ ဆာလာ၊ ထရန့်တို့ကို စာချုပ်သက်တမ်း မတိုးနိုင်သေးသလို ကစားသမား ရောင်းချမှုလည်း တစ်ခုလေးတောင် မလုပ်ထားနိုင်တာပဲ ဖြစ်ပါတယ်။