ထရန့် မက်ဒရစ်ရောက်နိုင်တယ် ဆိုလာကြခြင်း၊ ဗန်ဒန်ဘတ်အတွက် စံချိန်တင်ကြေး ပေးရမယ့် ပီအက်စ်ဗီ၊ လေ့ကျင့်ရေး စံချိန်သစ်ယူတဲ့ ဆာလာနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လက်ထောက်နည်းပြ ဟိုင်တင်ဂါဟာ လီဗာပူးအသင်း စီနီယာအသင်း လေ့ကျင့်ရေးတွေကို စတင်တာဝန်ယူနေသလို ကစားသမားတွေထံက သဘောကျနှစ်ခြိုက်မှုကို ရရှိနေပါတယ်။

လီဗာပူးအသင်းဟာ ယိုရိုကို သဘောကျပေမယ့် သူ့အတွက် အသင်းသမိုင်းမှာ ဒုတိယ စျေးအကြီးဆုံး ခံစစ်မှူးဆိုတဲ့ ပြောင်းရွှေ့ကြေးမျိုး မပေးလိုခဲ့တာပါလို့ မာဆေးဆိုဒ် သတင်းထောက် Ian Doyle က ဆိုပါတယ်။

ယာဂင်ကလော့ပ်ဟာ အင်္ဂလန်နည်းပြရာထူးကို လက်ခံမှာ မဟုတ်ဘဲ ကာလရှည် အနားယူဖို့ အစီအစဉ်အတိုင်း ၁ နှစ် အနားယူမှာပါ။

အိုင်ယာလန်နည်းပြသစ်က ပုံမှန်ပွဲကစားခွင့်အတွက် လီဗာပူးကို စွန့်ခွာသင့်ကြောင့် ဂိုးသမား ကလယ်ဟာကို အသိပေးထားပါတယ်။

ခံစစ်မှူး ကူမတ်တီယိုဟာ ဒီနွေမှာ အသင်းပြောင်းမှာဖြစ်ကာ ဆလော့ရဲ့ ရာသီကြို အစီအစဉ်ကနေ ထွက်ခွာခဲ့ပါပြီ။

ခံစစ်မှူး ကွမ်းဆက်ဟာ လာမယ့်ရာသီ လီဗာပူးပွဲစဉ်တွေမှာ ကစားခွင့် ပိုမိုရလာဖွယ် ရှိနေပါတယ်။ ကွမ်းဆက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှောင်းပိုင်းတွေမှာ ကိုနတေးကို ကျော်ပြီး ကစားခွင့်ရခဲ့တာပါ။

ကွင်းလယ်လူဟောင်း သီယေဂိုဟာ ဘာစီလိုနာအသင်းမှာ နည်းပြဟန်ဇီ ဖီလစ်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တာဝန်ယူသွားတော့မှာ ဖြစ်ပါတယ်။

ပီအက်စ်ဗီအသင်းဟာ လီဗာပူးခံစစ်မှူး ဆပ်ဗန်ဒန်ဘတ်ကို ခေါ်ယူနိုင်ဖို့ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးမျိုးထိ ပေးရမယ်ဆိုတာကို နားလည်ထားပါတယ်။

ထရန့်က သူ့ရဲ့ အခင်ဆုံးသူငယ်ချင်း ဘယ်လင်ဟမ်ရှိရာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ စိတ်ဝင်စားလိမ့်မယ်လို့ အင်္ဂလန်မီဒီယာအချို့က စတင် ဖော်ပြနေပါတယ်။

လေဗာကူဆင် အစွန်လူ ဖရန့်ပေါင်းက လီဗာပူး၊ မန်စီးတီးလို ထိပ်တန်းအသင်းတွေထံ ပြောင်းလိုပေမယ့် ဒီနွေမှာ အဆိုပါကလပ်တွေထံက စိတ်ဝင်စားမှုမျိုး မရရှိထားကြောင်း BILD က ဖော်ထုတ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ နှုတ်ဆက် အင်တာဗျူးအချို့ကို ပြန်ကြည့်မယ်ဆိုရင် အသင်းဟာ သူ့ကို ထောက်ပံ့ပေးပေမယ့် သူ့စိတ်တိုင်းကျ လုပ်ခွင့်မရခဲ့တာ အများကြီးပဲ ဆိုတဲ့ ပြောဆိုချက် ပါဝင်ခဲ့ပါတယ်။

မိုဆာလာဟာ အာနယ် ဆလော့ရဲ့ ရာသီကြို ပြင်ဆင်မှုဆိုင်ရာ ၆ မိနစ် ပြေးနှုန်းမှာ အမြင့်ဆုံးမှတ်တမ်းရထားသူ ဆပ်ဗန်ဒန်ဘတ်ရဲ့ စံချိန်ကို ချိုးဖျက်သွားပါတယ်။ သူတို့ နှစ်ဦးမတိုင်ခင်က ဘရတ်ဒလေရှိနေတာပါ။