

လီဗာပူးအသင်းဟာ အသွင်ပြောင်းမှု ကာလတစ်ခုကို ကျော်ဖြတ်နေကာ အသင်းကို ပြန်တည်ဆောက်ရေး ကြိုးစားမှုအတွင်းမှာ အန္တရာယ်များတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတာမျိုး ရှိလာနိုင်ပါတယ်။
နည်းပြအဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ အပြောင်းအလဲရှိနေသလို မနှစ်ကရာသီ ခေါ်ယူထားတဲ့ အန်ဒို၊ မာကာ၊ ဆိုဘို၊ ဂရာဗင်ဘက်ချ်တို့ကို အထိုင်မချနိုင်သေးတဲ့ ကြားက ဘရတ်ဒလေ၊ ကွမ်းဆက်တို့ကိုပါ နေရာပေးဖို့ ပြင်ဆင်ခြင်းနဲ့အတူ အသင်းဟာ လူသစ် ခေါ်ယူရေးကို ဦးလှည့်မလာခဲ့ပါဘူး။
သတင်းတွေက အပြောင်းအရွှေ့ ကိစ္စ ဖော်ပြလာတိုင်း လီဗာပူးသတင်းထောက်တွေက ဒိုင်ခံ ပယ်ချခဲ့တယ်။ ဒီတလော အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ ကွင်းလယ်လူ ရာဘီရော့ကို လီဗာပူးအသင်း ချိတ်ဆက်နေကြောင်း ဖော်ပြပေမယ့် အဲ့သတင်းကလည်း မှန်ကန်ခြင်း မရှိဘူးလို့ သိလာရတယ်။
ရာဘီရော့ရဲ့ အသက်အရွယ်နဲ့ အလွတ်စာချုပ်ကြောင့် ပေးရမယ့် မြင့်မားတဲ့ လုပ်ခကို လီဗာပူးဘက်က သဘောမကျတာကြောင့် ပြင်သစ်သားကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေခြင်း မရှိပါဘူး။
စိတ်ဝင်စားစရာကတော့ ဒီနွေမှာ အသင်းဘက်က စိတ်ဝင်စားကြောင်း လီဗာပူးသတင်းထောက်တွေ ဝန်ခံထားတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်တဲ့ ယိုရိုကိုလည်း စျေးကြီးလွန်းတာကြောင့် နောက်ဆုတ်ခဲ့တာလို့ သိလာရပါတယ်။
လီဗာပူးအသင်းဟာ ၁၈ နှစ်သား ယိုရိုအတွက် ယူရို ၄၅ သန်းဝန်းကျင် စျေးဖြတ်ထားပြီး လိုင်လီဘက်က ယူရို သန်း ၁၀၀ အလိုရှိခဲ့ကာ နောက်ပိုင်းမှာ ယူနိုက်တက်က ယူရို သန်း ၇၀ ဖြင့် သဘောတူညီမှုရသွားခဲ့ပါတယ်။
ယိုရိုကို လီဗာပူးအပြင် ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားခဲ့ပေမယ့် စာချုပ် ၁ နှစ်ပဲကျန်တဲ့ ပြင်သစ်သားကို ရီးရဲလ်မက်ဒရစ်က ယူရို သန်း ၃၀ ထက် ပိုမပေးလိုခဲ့ပါဘူး။
ရီးရဲလ်ကိုပဲ ပြောင်းလိုကြောင်း ဆန္ဒထုတ်ဖော်ထားပေမယ့် မရောက်ခဲ့တဲ့ ယိုရို ဥပမာဟာ လီဗာပူးအတွက် အန္တရာယ်ကြီးလှတယ်လို့ မာဆေးဆိုဒ်သတင်းထောက် Ian Doyle က ထောက်ပြပါတယ်။
ထရန့်ဟာလည်း လီဗာပူးနဲ့ စာချုပ် ၁ နှစ်ပဲ ကျန်ရှိတော့ကာ သူ အက်ဆာကို ပြန်ရောက်လာချိန်မှာ စာချုပ်သစ်ကိစ္စကို အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်နဲ့ စကားပြောကြမှာဖြစ်ပါတယ်။ စာချုပ်သစ် အဆင်မပြေခဲ့ရင် ထရန့်အတွက် ရီးရဲလ်မက်ဒရစ်က စျေးကြီးပေးပြီး ဝင်ခေါ်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။
အသက် ၂၅ နှစ်အရွယ် ထရန့်ကို ခေါ်နိုင်မယ့် အနေအထားကို ရီးရဲလ်မက်ဒရစ်ဘက်က စောင့်ကြည့်နေကာ ဒီနွေမှာ သက်သာတဲ့ စျေးနဲ့ခေါ်ရေးထက် နောက်ရာသီကျရင် အလွတ်နဲ့ခေါ်ဖို့ကို ပိုမို စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ သမိုင်းမှာ လက်ရှိ အခြေအနေနဲ့ တူညီတဲ့ အပြောင်းအရွှေ့ ၂ ခုလည်း ရှိခဲ့ဖူးပါတယ်။
၂၀၀၄ မှာ စာချုပ်သိပ်မကျန်တော့တဲ့ ကလပ်ရဲ့ အကောင်းဆုံး ကစားသမား အိုဝင်ကို ပေါင် ၈ သန်းနဲ့တင် လီဗာပူးက မက်ဒရစ်ကို ပြောင်းဖို့ ခွင့်ပြုခဲ့ရတယ်။ ၁၉၉၉ ခုနှစ်တုန်းကလည်း ကလပ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ မက်မန်နာမန်းကို မက်ဒရစ်ထံ အလွတ်ဖြင့် ထွက်ခွင့်ပေးခဲ့ရပါတယ်။
အဆိုပါဖြစ်ရပ် ၂ ခုလုံးမှာ တူညီတာ တစ်ခုက နည်းပြဟူးလီယာ ထွက်ခွာပြီး နည်းပြရာဖာ ဝင်ရောက်လာချိန် အပြောင်းအလဲကာလမှာ အိုဝင် ထွက်ခွာသွားခြင်းဖြစ်သလို နည်းပြရွိုင်အီဗန် ထွက်ခွာချိန်မှာ မက်မန်နာမန်းက လီဗာပူးကို စွန့်ခွာသွားတာပါ။
ကလော့ပ် ထွက်ခွာပြီး အာနယ် ဆလော့ ဝင်ရောက်လာချိန်မှာ ထရန့်ကို အသင်းမှာ ဆက်နေဖို့ ဆွဲဆောင်နိုင်ရမှာဖြစ်ပြီး ညာအစွန်လူဘက်က စာချုပ်သစ် လက်မခံရင်တော့ ခေါင်းကိုက်ရတဲ့ အနေအထားကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။