

လီဗာပူးဘက်က မကြာခင်မှာ စပို့တင်းခံစစ်မှူး အန်နာဆီယိုအတွက် ဝင်ရောက် ကမ်းလှမ်းတော့မယ်လို့ ပေါ်တူဂီသတင်းဌာနတွေက အကျယ်တဝန်း ဖော်ပြလာနေပါတယ်။
ဘယ်ခြမ်း ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ယူဖို့ကို လီဗာပူးဘက်က စိတ်ဝင်စားမှု ပြသထားပြီး ခံစစ်မှူးလိုကော၊ အစွန်လူလိုပါ ကစားနိုင်မယ့်သူ အလိုရှိနေခဲ့တာဟာ နည်းပြကလော့ပ် လက်ထက်ကတည်းက ဖြစ်ပါတယ်။
အာနယ် ဆလော့ရဲ့ ခေတ် စတင်လာချိန်မှာလည်း ဘယ်ခြမ်း ဗဟိုခံစစ်မှူး လိုအပ်ချက်နဲ့ ပတ်သက်လို့ လီဗာပူးအသင်းက တူညီတဲ့ သဘောထားမျိုး ရှိနေဆဲဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် အန်နာဆီယိုဟာ စပို့တင်းမှာ ၂၀၂၆ ခုနှစ်ထိ စာချုပ်ရှိထားပါတယ်။ သူဟာ ယူရိုပြိုင်ပွဲမှာ ပေါ်တူဂီနဲ့အတူ ပါဝင်ခဲ့ကာ နွေအပြောင်းအရွှေ့အတွင်း လီဗာပူးအသင်းရဲ့ ဦးစားပေး ပစ်မှတ်ဖြစ်လာနေကြောင်း ဖော်ပြခံလာရတယ်။
စိတ်ဝင်စားစရာကတော့ စပို့တင်းဟာ ခံစစ်မှူးအတွက် အပြိုင်ကမ်းလှမ်းမယ့် ကလပ်တွေ မရှိတာကြောင့် သူတို့စျေးခေါ်ထားတဲ့ ယူရို သန်း ၆၀ ကို စျေးချပေးပြီး ယူရို ၄၅ သန်းနဲ့တင် စကားပြောဖို့ ခွင့်ပြုမယ်လို့ ပေါ်တူဂီ သတင်းဌာနက ရေးသားလာပါတယ်။
လီဗာပူးသတင်းထောက်တွေက အသင်းဟာ ဗဟိုခံစစ်ကို ဦးစားပေးမလား? ကွင်းလယ်ခံစစ်ကို ဦးစားပေးမလား? ဆိုတာအတွက် စျေးကွက်တွင်း အခြေအနေပေါ် မူတည်ပြီး လှုပ်ရှားမယ်လို့ ထုတ်ဖော်ထားကြတယ်။
လက်ရွေးစင်အဆင့်ဖြစ်ပြီး ပြည်တွင်းကော ဥရောပပွဲပါ အတွေ့အကြုံရှိတဲ့ အန်နာဆီယိုကို ခေါ်ယူခဲ့မယ်ဆိုရင် လီဗာပူးခံစစ်ဟာ ရွေးချယ်စရာကောင်းတွေ ပိုမို များပြားလာမှာဖြစ်ပါတယ်။