၇၅ သန်းမရရင် ပြောင်းခွင့်မပြုကြောင်း အသိပေး၊ အန်ဒါဆန်အတွက် ကမ်းလှမ်းမှု မလုပ်သေး၊ ဒီနွေမှာ ထရန့်ကို ခေါ်မှာ မဟုတ်တဲ့ ရီးရဲလ်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ကွင်းလယ်လူ ဘော်ဘီကလက်ဟာ အသင်းရဲ့ ရာသီကြိုကို ပူးပေါင်းနိုင်ခြင်း မရှိပါဘူး။ အင်္ဂလန်ပြင်ပ ကလပ်တွေက ခေါ်ယူလိုနေပေမယ့် ကလက်ဟာ ရာသီကုန်ခါနီး ရခဲ့တဲ့ ဒဏ်ရာကနေ ပြန်သက်သာလာအောင် ကြိုးစားနေရဆဲလို့ သိရပါတယ်။

အသင်းဟာ နောက်ကွယ်မှာ အပြောင်းအရွှေ့အတွက် စကားပြောမှုတွေ ရှိနေပြီး ဒီနွေစျေးကွက်မှာ တစ်ခုခုဖြစ်လာဖွယ် ရှိနေကြောင်းနဲ့ စိတ်မပူဖို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၄ နွေအတွက် ကစားသမား ခေါ်ယူမှု ပိတ်သိမ်းလိုက်ပါပြီ။ သူတို့ဟာ ဒီနွေမှာ ထရန့်ကို ကြိုးစားတော့မှာ မဟုတ်ဘဲ နောက်နှစ် နွေမှ အလွတ်နဲ့ခေါ်ယူနိုင်မလား စောင့်ကြည့်သွားတော့မှာပါ။

အတ္တလန်တာ ကွင်းလယ်လူ အန်ဒါဆန်ကို လီဗာပူးဘက်က စိတ်ဝင်စားထားပေမယ့် အခုချိန်ထိ ချိတ်ဆက်မှု မရှိပါဘူး။

ဂျပန်တိုက်စစ်သမား ကူဘိုဟာ လီဗာပူးအသင်းထံ ပြောင်းရွှေ့ရေးကိစ္စ စကားပြောမှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ ဂျပန်နဲ့ စပိန်သတင်းဌာနတွေက ရေးသားပါတယ်။

မာဆေးဆိုဒ်သတင်းထောက်တွေ အခုထိ ဘာသတင်းမှ မထုတ်သေးပေမယ့် ကူဘိုက အင်္ဂလိပ်စကားတောင် သင်နေပြီလို့ ဂျပန်ဘက်က ခပ်ကဲကဲဖော်ပြနေပါတယ်။

လီဗာပူးအသင်းက ဒီယက်စ်ကို ရောင်းချသွားမှာ မဟုတ်သလို သူ့အတွက် ပေါင် ၇၅ သန်းထက် နည်းတဲ့ ကမ်းလှမ်းမှုတွေကို နားထောင်ပေးမှာ မဟုတ်ဘူးလို့ အသင်းဘက်က ကစားသမားရဲ့ အေးဂျင့်ကို အသိပေးပါတယ်။

နက်ဖီးလစ်ဟာ ဒီနွေမှာ လီဗာပူးကနေ အပြီးသတ် ထွက်ခွာဖို့ မျှော်လင့်ထားပြီး ကူမတ်တီယိုနဲ့ ရိုင်းဝီလီယမ်တို့လည်း ထွက်ခွာသွားကြဖွယ် ရှိပါတယ်။