လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ ဥရောပဘောလုံးလောကရဲ့ လက်ရှိ ထိပ်တန်းနည်းပြ နှစ်ဦးစာရင်းထဲ မပါဘူးလို့ မိုက်ကယ်အိုဝင်နဲ့ ရီယိုဖာဒီနန်တို့က မှတ်ချက်ပေးခဲ့ပါတယ်။
ဒီနှစ်တွေအတွင်း ဥရောပရဲ့ အကောင်းဆုံး နည်းပြနေရာကို ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ တစ်လှည့်စီ ပိုင်ဆိုင်နေခဲ့ကြတာပါ။ လက်တလောမှာတော့ ပက်ဂွာဒီယိုလာနဲ့ ကာလို အန်ဆလော့တီတို့ဟာ ဥရောပရဲ့ အကောင်းဆုံးနည်းပြ နှစ်ဦးဖြစ်တယ်လို့ ၎င်းတို့က ဆွေးနွေးလာခဲ့တာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ဒီဆွေးနွေးမှုကို အိုဝင်နဲ့ ဖာဒီနန်တို့ ပြုလုပ်ခဲ့ကြတာပါ။ သူတို့ နှစ်ဦးကို ယှဉ်ပြိုင်နိုင်မယ့် နောက်ထပ် ထိပ်တန်း နည်းပြကလည်း ကလော့ပ် မဟုတ်ဘဲ မော်ရင်ညိုပဲ ဖြစ်တယ်လို့ပါ မှတ်ချက်ပေးခဲ့ကြပါတယ်။
“ ကျွန်တော့်အမြင်အရ ဂွာဒီယိုလာနဲ့ အန်ဆယ်လော့တီတို့ နှစ်ယောက်ဟာ တခြားသူတွေထက် ခေါင်းတစ်လုံး ပိုသာတယ်လို့ ထင်ပါတယ်။ မော်ရင်ညိုလည်း ရိုးမားမှာ ကောင်းကောင်းလုပ်နေတာပဲ။ ဒါပေမယ့် အခုချိန်မှာ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့သူတွေကတော့ ဂွာဒီယိုလာနဲ့ အန်ဆယ်လော့တီပါပဲ”လို့ ဖာဒီနန်က ဆိုပါတယ်။
လီဗာပူး၊ မန်ယူနိုက်တက် အသင်းတွေမှာ ကစားပြီး မန်စီးတီးကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ဖူးတဲ့ အိုဝင်ကတော့ ဂွာဒီယိုလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး နည်းပြဖြစ်တယ်လို့ ထောက်ခံပါတယ်။
“ ပက်ဂွာဒီယိုလာက ကမ္ဘာ့အကောင်းဆုံးနည်းပြလို့ ထင်ပါတယ်။ သူက မယုံနိုင်စရာ နည်းပြဖြစ်ပြီး ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ပြီး ဖြစ်ပေမယ့် နောက်ထပ် အသင်းတစ်သင်းနဲ့ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ပြဖို့ မြင်ချင်ကြပါတယ်။ သူ့အရည်အချင်းနဲ့ဆိုရင် မန်စီးတီးမှာ ရသင့်နေပါပြီ ” လို့ အိုဝင်က ပြောခဲ့ပါတယ်။
ဒီရာသီ ကျဆုံးမှုတွေအရ လီဗာပူး၊ နည်းပြကလော့ပ်နဲ့ အသင်းသားတွေဟာ များစွာသော အထင်သေးမှုတွေကို ရင်ဆိုင်ထားရတာပါ။ ဒီနာကျင်မှုတွေဟာ လာမယ့်ရာသီမှာ ပေါက်ကွဲအားအဖြစ် ပြောင်းလဲလာဖို့ ပရိသတ်အားလုံး မျှော်လင့်ထားတာ ဖြစ်ပါတယ်။