ကွင်းလယ်ကို အားဖြည့်လို့ အားကစားဒါရိုက်တာ၊ ဘာနေဗျူးကွင်းကို ချီးကျူးတဲ့ ထရန့်၊ အပြောင်းအရွှေ့ ကိစ္စ အချို့နဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

လီဗာပူး ကစားသမား ၂၈ ဦး ပါဝင်တဲ့ အသင်းသားတွေနဲ့ နည်းပြအဖွဲ့ဟာ ရာသီကြို ခြေစမ်းဖို့ အမေရိကန်ကို ရောက်ရှိနေပါပြီ။

အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ ဒီနွေမှာ ကွင်းလယ်ကို အားဖြည့်လိုနေပါတယ်။ သီယေဂို ထွက်သွားသလို ကွင်းလယ်အတွင်းလူ နည်းပါးနေခြင်းကြောင့် ခံစစ်ထက် ကွင်းလယ်ကို အားဖြည့်ဖို့ ရစ်ချက်ဟုချ်က ဆန္ဒရှိနေတာပါ။

အယ်လီဆန်၊ ဂျိုတာ၊ ကိုနတေး၊ ဂရာဗင်ဘက်ချ်တို့ဟာ အမေရိကန်မှာ လီဗာပူးအသင်းနဲ့အတူ ပူးပေါင်းကြဖွယ် ရှိနေပါတယ်။

ဂျေဒန်ဒန့်စ်နဲ့ ဘော်ဘီကလက်တို့ဟာ ကြံ့ခိုင်မှုဆိုင်ရာ ပြဿနာတွေကြောင့် အက်ဆာမှာပဲ ကျန်ရှိခဲ့ကြတာ ဖြစ်ပါတယ်။

LA မှာ အားလပ်ရက် လည်ပတ်နေတဲ့ ထရန့်ဟာ ဘယ်လင်ဟမ်နဲ့အတူ ရှိနေတာကြောင့် အသင်းပရိသတ်တွေကြား စိုးရိမ်မှု မြင့်တက်နေပါတယ်။

အန်ဖီးမဟုတ်ဘဲ ဝင်ဘာလေကွင်းနဲ့ ဘာနေဗျူးကွင်းထဲက ဘယ်ကွင်းကို ပိုကြိုက်လဲ မေးခွန်းအတွက် ထရန့်က ဘာနေဗျူးလို့ ဖြေဆိုပါတယ်။

ကောလဟာလ သတင်းတွေအရ ထရန့်ဟာ လီဗာပူးအသင်းနဲ့ သက်တမ်းတိုးဖို့ စကားပြောနေပြီး တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းထိ ရဖွယ်ရှိတယ်လို့ အသံထွက်လာပါတယ်။

အမေရိကန်ခရီးစဉ် အပြီးမှာ ပီအက်စ်ဗီဟာ ခံစစ်မှူး ဗန်ဒန်ဘတ်အတွက် ပိုကောင်းတဲ့ ကမ်းလှမ်းမှု ပြုလုပ်သွားဖွယ် ရှိပါတယ်။

တိုက်စစ်သမား ကိတ်ဂေါ်ဒန်ကို အငှားခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် ၅ သင်းက ကြိုးစားနေပြီး လီဗာပူးဘက်က အမေရိကန် ရာသီကြို အပြီးမှ ဆုံးဖြတ်ချက် ချမှတ်မှာပါ။

ဂိုးနည်းပြ Taffarel သာ လီဗာပူးကနေ ထွက်သွားမယ်ဆိုရင် ဂိုးသမား အယ်လီဆန်လည်း ဒီနွေမှာ ထွက်ခွာနိုင်ကြောင်း နည်းပြဟောင်း ဂျွန်အက်တာဘက်ချ်က ထုတ်ပြောလာပါတယ်။

တိုက်စစ်သမား ကူဘိုနဲ့ အပြောင်းအရွှေ့ သတင်းတွေကို လီဗာပူးအသင်းဘက်က ငြင်းဆန်ပါတယ်။ ဂျပန်သတင်းတွေမှာ အသင်းဟာ ကူဘိုကို ယူရို သန်း ၆၀ ဖြင့် ခေါ်ယူနိုင်မယ် သတင်းကြီးနေတာပါ။

နယူးကာဆယ် တိုက်စစ်မှူး ဂေါ်ဒန်ဟာ လီဗာပူးကို ပြောင်းနိုင်ဖို့ အားစိုက်ခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။