ဒီအပတ်မှာ စတင်တော့မယ့် လီဗာပူးအသင်းရဲ့ ရာသီကြို ခြေစမ်းပွဲ ပြိုင်ဘက်များ

၂၀၂၄ ရာသီကြို ပြင်ဆင်ရေးအတွက် လီဗာပူးအသင်းဟာ အမေရိကန်ကို ရောက်နေပြီဖြစ်ကာ ခြေစမ်းပွဲ ၃ ပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ပထမဆုံးသော ခြေစမ်းပွဲက လာလီဂါကလပ် ဘက်တစ်အသင်းနဲ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ ကစားမယ့် ခြေစမ်းပွဲဖြစ်ပါတယ်။ ဒီပွဲဟာ နည်းပြ အာနယ် ဆလော့ လီဗာပူးကို စတင် တာဝန်ယူ ကိုင်တွယ်မယ့် တရားဝင် ခြေစမ်းပွဲလည်းဖြစ်ပါတယ်။

အမေရိကန်မှာ ကစားမယ့် အခြားသော ခြေစမ်းပွဲ ၂ ပွဲကတော့ ဇူလိုင်လ ၃၁ ရက်နေ့မှာ အာဆင်နယ်၊ ဩဂုတ်လ ၃ ရက်နေ့မှာ ယူနိုက်တက်တို့ကို ရင်ဆိုင်ရမယ့်ပွဲတွေ ဖြစ်ပါတယ်။

မူလအစီအစဉ်မှာတော့ အမေရိကန် ခရီးစဉ်တွေအပြီး ဩဂုတ်လ ၁၁ ရက်နေ့အတွင်း အန်ဖီးကွင်းမှာ ဆီးဗီးလာနဲ့ ခြေစမ်းဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လာလီဂါကလပ်က ပွဲကစားဖို့ အဆင်မပြေတာကြောင့် အခြားအသင်းနဲ့ အစားထိုးမလား စောင့်ကြည့်ရမှာပါ။

လီဗာပူးရဲ့ အမေရိကန် ခရီးစဉ်ကို ဂျိုတာ၊ ဂရာဗင်ဘက်ချ်၊ ကိုနတေး၊ အယ်လီဆန်တို့ ပါဝင်ပူးပေါင်းမှာဖြစ်ပေမယ့် ထရန့်၊ ဗန်ဒိုက်၊ ဒီယက်ဇ်၊ ဒါဝင်နဲ့ မာကာတို့တော့ ပါဝင်ကြဖွယ် မရှိပါဘူး။ သူတို့ ၅ ဦးဟာ လက်ရွေးစင်အဆင့်တွေမှာ နောက်ဆုံး ပွဲနားထိ ကစားထားကြတာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အမေရိကန်ခရီးစဉ်အတွင်း လူသစ် ခေါ်ယူမှုကြီး ပြုလုပ်ဖွယ် မရှိဘဲ အဲ့နောက်ပိုင်းမှ အပြောင်းအရွှေ့ကိစ္စ စတင် စဉ်းစားမယ်လို့လည်း သိထားရပါတယ်။